အမဲလေလံဆွဲရန် သွားသူ ငွေ ကျပ် သိန်း ၁၅၀၀ ကျော်နှင့် အတူ ပျောက်ဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ဆင်ဖြူကျွန်းက အမဲ လေလံဆွဲသူတစ်ဦး ငွေသိန်းထောင်ကျော်နှင့် အတူပျောက်ဆုံးနေသည်ဟု နီးစပ်သူများက ပြောသည်။

အမဲ လေလံဆွဲရန် သွားသည့် အမျိုးသား ၄ ဦးသည် ပခုက္ကူမြို့ အဝင်တွင် အဆက်အသွယ် ပြတ်သွားပြီးနောက် ရင်ခွဲရုံတွင် ၎င်းတို့၏ အလောင်း ၃ လောင်း ပြန်ရှာတွေ့ပြီး တစ်ဦးမှာ ငွေသိန်း ၁၅၀၀ ကျော်နှင့်အတူ သတင်း အစအန မရဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူမှာ ဆင်ဖြူကျွန်း၏ အမဲလိုင်စင်ရရှိထားသူ ဦးအာဒမ်ဖြစ်ကာ ငွေသိန်း ၁၅၀၀ ကျော်နှင့် အတူ ပရာဒိုကား တစ်စီးပါသွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

”အားလုံး ၄ ယောက် သွားတာ။ အခု တယောက်နဲ့ ငွေတွေက ပျောက်နေတယ်။ မြို့ပြင်မှာ မီးတို့ခံရတဲ့ ကားက လည်း သူတို့ကားမဟုတ်ဘူးလို့ ပြောတယ်။ အသေးစိတ်က ဘယ်ကမှ ဘာမှ မသိရဘူး” ဟု အသက် ၄၀ အရွယ် ဆွေမျိုးသားချင်း တစ်ဦး က ပြောသည်။

အလောင်းပြန်ရသူ ၃ ဦးမှာ ဦးဟာကင်း၊ ကိုမြင့်ဌေး၊ ဦးရဖီးတို့ ဖြစ်ပြီး ကျန်တဦးအပြင် ငွေကျပ်သိန်း ၁၅၀၀၊ ပါရာဒိုကား တို့ပျောက်ဆုံးနေခြင်းသည်ဟု ဆွေမျိုးနီးစပ် တစ်ဦး က ပြောသည်။

ပခုက္ကူတံတား၏ CCTV မှတ်တမ်းအရ မြို့တွင်းကို ဝင်လာသည်ကို တွေ့ရပြီး မည်သည့်အချိန်၊ မည်သည့် နေရာ တွင် မည်သူမည်ဝါက သတ်သွားသည်ကိုမူ ယနေ့အချိန်ထိ မသိရသေးဘူးဟု မိသားစုဝင်များက ဆိုသည်။

သေဆုံးသူ ၃ ဦးအနက် ဦးဟာကင်းသည် ချောက်မြို့၊ ဈေးရပ်ရှိ သမာဓိ ဆိုင်ကယ် အရောင်းဆိုင်ပိုင်ရှင် ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများစွာနှင့် ချောက်မြို့၏ အမဲလိုင်စင်ကို ရရှိထားသူတစ်ဦး ဖြစ်သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ချောက်ကထွက်ပြီး အိမ်နှင့် အဆက်အသွယ် မရသဖြင့် သားဖြစ်သူက သုံးဘီးဖြင့် လိုက်သွားရာမှ ပခုက္ကူတံတား CCTV တွင် မြို့ထဲဘက် ကားဝင်သွားသည်ကို တွေ့ရသည်ဟု မိသားစုဝင်များက ပြောသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပခုက္ကူ ရင်ခွဲရုံတွင် အမည်မသိ အလောင်းများတွေ့သည်ဆိုသည့် သတင်းများ ကြောင့် သွားကြည့်ရာမှ ဖခင်ဖြစ်သူနှင့် နောက် ၂ ဦး၏ အလာင်းကို ဓါးဒဏ်ရာများဖြင့် တွေ့ရခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးသပ်သူ တစ်ဦးက ပြောသည်။

ဆွေမျိုးတော်စပ်သူတစ်ဦးက “ဘာကြောင့်အသတ်ခံရတယ်၊ ဘယ်ကနေ ရောက်လာတယ် ဆိုတာကိုလည်း ဆေး ရုံကနေ မေးလို့မရခဲ့ဘူး။ အဲ့ ဒါနဲ့ အလောင်းတွေကို ချောက်ကို ပြန်သယ်လာခဲ့ကြတာ။ ၂၆ ရက်နေ့ ညနေ ၅ နာ ရီ ကျော်လောက်မှာ ဘာသာ ရေး ဓလေ့နဲ့အညီ သဂြိုလ်လိုက်ပါတယ်” ဟု ပြောသည်။

ပခုက္ကူမြို့က အမဲလိုင်စင်ကို လွန်ခဲ့သည့် ၂ နှစ်ကတည်းက လေလံလိုက်နေပြီး မအောင်မြင်ခဲ့၍ ယခုနှစ်တွင် ငွေထုတ်ပိုက်ပြီး သွားစဉ် ယခုကဲ့သို့ ဓါးဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။