သတင်းမှားပေးသည် ဆိုကာ သတင်းပေးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုးကြိတ်၊ ဆေးကုနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

တပ်ထွက် သတင်းပေးတစ်ဦးကို သတင်းမှားပေးသည်ဟု ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ထိုး ကြိတ်သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ ထိုသူမှာ မောရဝတီရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည် ဟု ဒေသခံ များက ပြောသည်။

ရိုက်နှက် ထိုးကြိတ်နှိပ်စက်ခြင်း ခံခဲ့ရသူမှာ စစ်တပ်ထွက် တစ်ဦးဖြစ်ပြီး ဒေသခံရွာသား မဟုတ်ဘဲ အခြားကျေး ရွာမှ ရွှေ့ပြောင်းလာကာ မဲချောင်းကျေးရွာ ရာဘာခြံတစ်ခြံတွင် လာရောက်လုပ်ကိုင်နေထိုင်သည့် ဦးဝင်းထွန်း အသက် ၆၀ နှစ် ဆိုသူဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “စစ်တပ်ရောက်လာပြီး သေနတ်ပစ်ဖောက် တောနင်း ရှာကြတာ ဘာ PDF မှမတွေ့ဘူး၊ စစ်တပ်က ငါတို့ကို ပင်ပမ်းအောင် လိမ်ခေါ်ရမလားဟုဆိုပြီး သူအလုပ်လုပ်နေတဲ့ ရာဘာခြံထဲ က အိမ်မှာပဲ စစ်သားတွေက ဝိုင်းပြီးထိုးကြိတ်ခဲ့ကြတာ” ဟု ပြောသည်။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖားချောင်းကျေးရွာအုပ်စု ဆယ်အိမ်စုကျေးရွာတွင် ဇန္နဝါရီလ ၂၇ ရက်နေ့၊ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းထွန်းက ဆယ်အိမ်စုရွာ အနီးတွင် PDF များ ရောက်ရှိနေသည်ဟု ဆိုကာ စစ်တပ်ထံ သတင်းပေးခဲ့ရာ လာ ရောက်ရှာဖွေချိန်တွင် မတွေ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၏ ထိုးကြိတ်မှုကိုခံရခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်း ထိုးကြိတ်ခဲ့ခြင်းကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် ဦးဝင်းထွန်းကို မောရဝ တီ ရေတပ်ဆေးရုံသို့ ညတွင်းချင်း အရေးပေါ် လူနာတင်ကားဖြင့် တင်ဆောင်သွားပြီး ဆေးကုသမှု ခံယူနေရ သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှာ လာရောက်ရှာဖွေခဲ့သည့် နေရာများသည် PDF များ သွားလာခြင်းမရှိဘဲ လက်ရှိတွင်လည်း လာရောက်ခဲ့ခြင်း မရှိကြောင်းနှင့် ယခုကဲ့သို့ သတင်းမှားပေးပို့ခြင်းမှာ စစ်တပ်၏ မျက်နှာသာပေးမှုကို လိုချင်၍ ပြုလုပ်ခြင်းသာ ဖြစ်မည်ဟု ဒေသခံများက ပြောဆိုသည်။

ဇန္နဝါရီလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်ကလည်း ကံပေါက်ဒေသ၊ မင်းသားကျေးရွာတွင် ဝတ်ပြုဆု တောင်းရန် ဆိုင်ကယ်နှင့်လာသည့် သားအဖနှစ်ဦးကို ပျူစောထီး စစ်ဆေးရေးဂိတ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သ ဖြင့် သားဖြစ်သူမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။