NLD ဝန်ကြီးကို ထောင် ၂ နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ဧရာဝတီတိုင်း NLD အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို စစ်ကောင်စီက ထောင် ၂ နှစ် အမိန့်ချလိုက်သည်။

စစ်ကောင်စီက ဒေါက်တာလှမြတ်သွေးကို ပုဒ်မ ၅၀၅-ခ ဖြင့် တိုင်ကြားအမှုဖွင့်ပြီး ပုသိမ် အကျဉ်းထောင် ထောင် တွင်း တရားရုံးက ဇန္နဝါရီလ ၃၀ ရက်နေ့၊ နေ့လည်ပိုင်းတွင် အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ အချို့က ပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “ထုချေလျှောက်လဲခွင့် မရဘူး။ ချက်ခြင်း အမိန့်ချလိုက်တာ ဒီတစ်မှုထဲပါ။ နောက်အမှု မရှိဘူး။ ချုပ်ရက်လည်း ခံစားခွင့်လည်း မရဘူး” ဟု ပြောသည်။

ဧရာဝတီတိုင်း NLD အစိုးရ အဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၈ ရက်နေ့က နေအိမ်အကျယ်ချုပ် မှ လွှတ်ပေးခဲ့သော် လည်း ထိုနေ့မှာပင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို ပုသိမ်အကျဉ်းထောင်သို့ ပို့လိုက်ပြီး ဆက် ဖမ်း ထားခဲ့သည်။

စစ်ကောင်စီက ညှိနှိုင်းမှုများ လုပ်သော်လည်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက လုံးဝ လက်မခံခဲ့ဘူး ဟု လွတ်ငြိမ်းသက်သာဖြင့် လွတ်မြောက်လာသည့် နိုင်ကျဉ်းအချို့က ပြောသည်။

ပုသိမ်ထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦး က “ထောင်ထဲကို ရောက်တဲ့ နေ့ ကတည်းက တိုက်ပိတ်ခံနေရတာ။ ရေသန့် ပို့ပေးခွင့်တောင်ရဘူး” ဟု ပြောသည်။

ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးသည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက် ပွဲမှ စတင်ကာ ရေကြည်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသော NLD ပါတီဝင် ဖြစ်သည်။

ထို့အပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဆက်လက် အရွေးခံရပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့၏ လူမှုရေး ဝန်ကြီး ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရေကြည်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရွေးချယ်ခံထားရသူ ဖြစ်ကာ စစ်တပ်က အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှ စတင်ပြီး ဧရာဝတီတိုင်း ဒေ သကြီး အစိုးရ အဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့ရှိ ဝန်ကြီးများ အိမ်ယာဝင်း အတွင်း က သူမ နေထိုင်သည့် အိမ်မှာပင် စစ်ကောင်စီက အကျယ်ချုပ်ဖြင့် ၂ နှစ် နီးပါး ဖမ်းဆီးထားခဲ့သည်။