မြေမြုပ်မိုင်းကြောင့် အရပ်သား တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အမျိုးသားတစ်ဦး မြေ မြုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ များ က ပြောသည်။

လမိုင်းမြို့၊ ဘေးကလွဲကျေးရွာ၊ ကြိုးတံတားချောင်းအနီးတွင် ဇန္နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က အသက် ၆၀ ဝန်းကျင်ရှိ နိုင်ကိုးမိုင်ဆိုသူ က ကြိုးတံတား ချောင်းအနီး ၎င်း၏ ဥယျာဥ်ခြံတွင် ရေပိုက်လာပြင်ရင်း မြေမြုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် နိုင်ကိုးမိုင်သည် ဘယ်ဘက်ခြေထောက် ပြတ်တောက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ခြံမှာ ရေပိုက်လာပြင်ရင်းနဲ့ မိုင်းနင်းမိသွားတာ။ ဘယ်ဘက် ခြေထောက်တစ်ဘက် ထိသွားတယ်။ အခု မော်လ မြိုင် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် နိုင်ကိုးမိုင်ကို လူမှုကူညီရေးအသင်းများ၏ အကူအညီဖြင့် လမိုင်းမြို့ဆေးရုံမှ တဆင့် မော်လမြိုင်မြို့ ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည် ဟု လူမှုကူညီရေးအသင်းများ၏ တာဝန်ရှိသူများက ပြောသည်။

မြေမြုပ်မိုင်းနင်းမိသည့် ကြိုးတံတားချောင်း အနီးတွင် စစ်ကောင်စီတပ် စခန်းချထားသည့် နေရာတစ်ခုဖြစ်ပြီး တော်လှန်ရေး အဖွဲ့များက မကြာခဏ လာရောက်ပစ်ခတ် တိုက်ခိုက်လေ့ ရှိသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ တပ်စခန်းများ၊ တံတား စစ်ဆေး ရေးဂိတ်များ၊ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။