စစ်ရှောင်တစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

ကရင်နီ စစ်ဘေးရှောင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိပြီးနောက် ခြေထာက်ပြတ်သွားသည်ဟု ကူညီ ပေးနေသူများက ပြောသည်။

ကယား(ကရင်နီ)ပြည်၊ လွိင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ပိုင်း၊ ထီးစဲခါး ကျေးရွာအုပ်စု၊ ဒေါတဟေး ကျေးရွာတွင် စစ်ဘေးရှောင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။

စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးက “ည ၁၂ နာရီလောက်ကတည်းက မိုင်းနင်းမိတယ်ဆိုပြီး ဖုန်းဆက်လာတာပေါ့နော်။ အဲဒီဖက်က တော်ရုံတန်ရုံ သွားဖို့ လာဖို့ခက်တဲ့ ဒေသမျိုးပေါ့။ အဲဒီတော့ သူတို့အဲဒီမှာပဲ ဆေးကုသပြီးမှ အကြောင်းကြားလာတာပေါ့နော်။ ကျ နော်တို့အနေနဲ့ ညဆိုတော့ သွားခေါ်လို့ အဆင်မပြေတော့ မနက်မှပဲ သွားခေါ်ရတယ်။ သွားခေါ်ပြီးတော့ လွိုင် ကော်ဆေးရုံကြီးကို တန်းပို့လိုက်ရတယ်” ဟု ပြောသည်။

ဒေါတဟေးကျေးရွာတွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၃၀ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ခန့်က ပဲစင်းငုံရိတ်သိမ်းပြီး စစ် ဘေးရှောင်စခန်းသို့ ပြန်လာသော စစ်ဘေးရှောင် အမျိုးသားတစ်ဦးမှာ မြေမြုပ်မိုင်းနင်းမိပြီးနောက် ညာဘက် ခြေထောက် ပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု စစ်ဘေးရှောင်ကူညီသည့်အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ညာခြေထောက် ပြတ်ထွက်သွားသည့် စစ်ဘေးရှောင် အမျိုးသားမှာ အသက် ၂၃ နှစ်အရွယ် မောင်စောရယ် ဖြစ်ပြီး ဒေါတယိုးကျေးရွာတွင်‌ နေထိုင်သူ ဖြစ်သည်။

မောင်စောရယ်သည် ဒေါတယိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ယခုနှစ် ဇန္နဝါရီလအတွင်းမှ ဒေါတ‌ ဟေးကျေးရွာရှိ စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာသူလည်း ဖြစ်သည်။ ထို့အပြင် စစ်ရှောင်စခန်းတွင် နေထိုင်စဉ် စားဝတ်နေရေး ခက်ခဲလာခြင်းကြောင့် ပဲစဉ်းငုံခူးထွက်ရာ မိုင်းနင်းမိခြင်း ဖြစ်သည်ဟု ကျေးရွာနေပြည်သူများက ဆိုသည်။

လက်ရှိတွင် ၎င်းမှာ ဆေးရုံမှ မဆင်းလာနိုင်သေးသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားမှ လွတ်ကင်းပြီဟု ကူညီပေးနေသူများက ပြောသည်။

သို့သော် စစ်ဘေးရှောင်တစ်ဦး ဖြစ်သောကြောင့် လက်ရှိတွင် ဆေးကုသစရိတ်လည်း အရေးပေါ် လိုအပ်လျက်ရှိ သည်ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသား က ယခုကဲသို့ ဆက်ပြောသည်။

“ဖြည့်စွက်ပြောချင်တာ ဆိုတာထက် ပြည်သူတွေအနေနဲ့ ကူညီဖို့ အစီစဉ်ရှိရင်တော့ လုပ်ပေးစေချင်တယ်။ သူ တို့ အနေနဲ့ စစ်ရှောင်ဆိုတော့ တော်တော်ခက်ခဲ နေမှာပေါ့။”

ဒေါတဟေးကျေးရွာသည် စစ်ဘေးရှောင်အများစု နေထိုင်ကြပြီး မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည့် ကျေးရွာဖြစ်သည့်နှင့်အညီ လက်နက်ကြီးများလည်း မကြာခဏ ကျ‌ရောက်တတ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ဒေါတဟေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျေးရွာနေပြည်သူ အယောက် ၈၀၀ ကျော် စစ်ဘေးရှောင်ခဲ့ဖူးသည်။

အဆိုပါ ရက်များအတွင်း ဒေါတ‌ဟေးကျေးရွာနှင့် ကွန်နားကျေးရွာတို့မှ အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂ ဦးသာ ပြန်လွှတ်ပေးခဲ့ရာ ၉ ဦးမှာ ယနေ့ အချိန်ထိ အဆက်အသွယ်မရှိ ပျောက်ဆုံး နေဆဲ ဖြစ်သည်။

ယခုနှစ် ဇန္နဝါရီလအတွင်း ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်း သန်း ပစ်ခတ်မှုနှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သည်ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။