မူဆယ်တွင် နှစ်ရက်ဆက် ဗုံးကွဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့တွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ထိမှန်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့တွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲခဲ့ပြီး အရပ် သားပြည်သူ အမျိုးသားတစ်ဦးထိမှန် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

ပရဟိတ အသင်းဝင် တစ်ဦးက “ဒီနေ့က ကံ့ကော် လမ်းခွဲနားမှာ။ လူတယောက်ထိတယ်။ မနေ့ကလည်း တစ် လုံးကွဲတယ်။ လေယာဉ်ကွင်းနားမှာ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့၊ နေ့ခင်းပိုင်း ၁၁ နာရီဝန်းကျင် အချိန်ခန့်တွင် ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲ မီးပွိုင့်နား၌ ဗုံးတစ်လုံးပေါက်ကွဲသဖြင့် လမ်းလျှောက်နေသည့် လမ်းသွားပြည်သူတစ်ဦး ယာဘက် လည်ပင်း၊ ယာလက် မောင်း၊ ယာတင်ပါးဆုံအပြင် နှာခေါင်းတွင်လည်း ဖောက်ဝင်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်ဟု ကူညီဆောင် ရွက်ပေးခဲ့သူများက ပြောသည်။

ခရီးသွား ပြည်သူတစ်ဦးကလည်း “လမ်းတွေ ပိတ်ထားတယ်။ ရဲစခန်းနားက လမ်းမှာ။ ကားတွေ အရမ်းပိတ်နေ တာ။ နောက်လည်း ပြန်လှည့်လို့ မရတော့ဘူး” ဟု ပြောသည်။

ဒဏ်ရာရရှိသူသည် စိုးရိမ်ရသည့် အခြေအနေ ဖြစ်သောကြောင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသ မှုခံယူနေရသည်ဟု ဆိုသည်။

အခြား လူမှုကူညီရေး အသင်းတစ်သင်းမှ တာဝန်ရှိသူ တစ်ဦးက “အသက်က ၄၀ ကျော်မယ်ထင်တယ်။ အတိ အကျတော့ မသိဘူး။ ဒဏ်ရာက နည်းနည်းတော့ စိုးရိမ်ရတယ်။ လည်ပင်းတွေရယ်၊ ခါးတွေရယ်။ ဗိုက်တွေ ရော။ အစတွေ မှန်တာပေါ့။ ဒီနေ့ တခြား အသင်းက သယ်တာ။ ကျနော်တို့ အသင်းက နည်းနည်းနောက်ကျ သွားလို့ ထိ သွားတာက ဟုတ်တယ်” ဟု ပြောသည်။

ထို့အပြင် ကံ့ကော် လမ်းခွဲအနီး၊ ဟိုမွန်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသားဆိုင် လေလံပွဲ ပြုလုပ်နေသဖြင့် ၎င်း နေရာ အနီးရှိ လမ်းများပေါ်တွင် ပြည်သူ့စစ်များနှင့် လုံခြုံရေးအဖွဲ့များမှ လုံခြုံရေးဆောင်ရွက်နေစဉ် အမျိုးသား ၂ ဦးမှ မော်တော်ဆိုင်ကယ် ၁ စီးဖြင့် ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်းဘက်မှ မောင်းနှင်လာပြီး လုံခြုံရေးအဖွဲ့အနီးသို့ လက်လုပ်ဗုံး ၁ လုံး ပစ်ခတ်ပြီး နာရီစင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်ဟု မြို့ခံများက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တရားခံများအား ဖမ်းဆီးရမိရေး အတွက် ပိတ်ဆို့ကာ စစ်ဆေးခြင်းများ တင်ကြပ် ဆောင်ရွက်နေကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီခွဲဝန်းကျင် အချိန်ခန့်တွင်လည်း လေယာဉ်ကွင်း လမ်းဆုံ အနီးတွင်လည်း ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။ သို့သော် ထိခိုက်သူ မရှိခဲ့ဘူးဟု ဆိုသည်။

ဒေသခံ အမျိုးသားတစ်ဦးက “လုံခြုံမှုက မရှိတော့ဘူး။ ဖြစ်ချင်တာက တရားဥပဒေ စိုးမိုးမှုတော့ ရှိစေချင်တာ ပေါ့ကွာ” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ က မြို့တွင်း လုံခြုံရေး အကြောင်းပြချက်နှင့် ဖြတ်သန်းသွားလာနေသည့် ယာဉ်မောင်းသူများထံမှ ငွေဝောာင်းခံလေ့ ရှိပြီး အချက်အခြာကျသည့် လမ်းဆုံများတွင် စောင့်ဆိုင်းနေသော်လည်း ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားလေ့ ရှိ သည်။

အလားတူ ပြန်ပေးဆွဲမှု၊ ခိုးမှု၊ ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားကာ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသ လောက် ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၂၀ ဖွဲ့နီးပါးအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် TNLA, KIA, SSPP/SSA, PDF အဖွဲ့များ လှုပ်ရှားသွားလာနေသည့် အပြင် အမည်မပေါက်ဘဲ အုပ်စုဖွဲ့ လက်နက်ကိုင်နေသည့် အဖွဲ့များလည်း ရှိနေသည်ဟု ဒေသခံများက ပြော သည်။

ဓါတ်ပုံ – CJ