အသံတိတ်သပိတ်နေ့တွင် စစ်ကောင်စီက ဈေးရောင်းပွဲ ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။

ပဲခူးတွင် အသံတိတ်သပိတ် ပြုလုပ်သည့်နေ့တွင် စစ်ကောင်စီက ဈေးရောင်းပွဲကျင်းပခဲ့သည်ဟု မြို့ခံများက ပြော သည်။

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း၊ သာယာဝတီမြို့တွင် စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ထမ်းများက အသံတိတ်သပိတ် ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံစားသောက်ကုန်များအား လျှေ့ာဈေးဖြင့် ရောင်းချခဲ့ သည်ဟု မြို့ခံပြည်သူများက ပြောသည်။

သာယာတီမြို့၊ ရေဝေရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၁ အရွယ် အမျိုးသားတစ်ဦးက “ဘယ်နှယ်ဗျာ ဒီလို ရက်ကြီးမှာ သူတို့စေတနာရှိရင် အစကတည်းက လုပ်ပေါ့။ ဒီလိုရက်မှ ထလုပ်တာတော့ စေတနာမရှိမှန်း သိသာ နေတာပဲ။ ခေတ်ပျက်ကြီးထဲမှာ ပြည်သူတွေလည်း ငတ်ကုန်ကြတော့ အခြေခံလူတန်းစားတွေ ဘယ်တောင့်ခံ နိုင်မလဲ။ ဈေးသက်သာမှတော့ သွားကြပြီပေါ့။ Boycott ဆိုတာလည်း လူတန်းစား တစ်ခုပဲ လုပ်နိုင်တာပါ။ ကျနော်တို့တော့ ငတ်ရင်ငတ်ပါစေ ဒီကောင်တွေပေးတာ ကျွေးတာတော့ မစားနိုင်ဘူး။ မြန်မာ့အသံမှာလည်း ကိုယ့်ရုပ်အပါ မခံနိုင်ဘူး” ဟု ပြောသည်။

အသံတိတ်သပိတ် ပြုလုပ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှစတင်၍ သာယာဝတီ မြို့မ ဈေး၊ သုံးဆယ်မြို့မဈေးနှင့် ကျူးကျော်ရပ်ကွက်အချို့တို့တွင် စစ်ကောင်စီခန့် ခရိုင်စီမံ အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးစန်း ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးဆန်းဟိုနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ဝင်များမှ အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်ဟု မြို့ခံပြည်သူများက ပြောသည်။

စစ်ကောင်စီခန့် ဝန်ထမ်းများမှာ အခြေခံစားသောက်ကုန်များဖြစ်သည့် မနောသုခ ဆန်တစ်ပြည်လျှင် ၁,၀၀၀ ကျပ်နှုန်း၊ ကြက်ဥတစ်လုံး ၂၀၀ ကျပ်နှုန်း၊ စားအုန်းဆီတစ်ပိဿာ ၅,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပြီးနောက် မြန်မာ့ အသံ (MRTV)တွင် ပြသရန် လာရောက်ရိုက်ကူးသွာသည်ဟု ဒေသခံများက ပြောသည်။

သို့သော်လည်း ယခုကဲသို့ ရောင်းချခြင်းမှာ အသံပိတ်သပိတ်အား ပျက်စီးစေရန် ဟန်ရေးပြ ရောင်းချခြင်း သက် သက်သာဖြစ်၍ လူတန်းစေ့လောက်ငှအောင်ပင် ဝယ်ယူခွင့် မရခဲ့ဘဲ ၂ နာရီခန့်အကြာတွင် ပစ္စည်းကုန်ပြီဟု ဆို ကာ ပြန်သွားကြသည်ဟု ဆိုသည်။

အလားတူ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ မော်လမြိုင်တံတားရှိ ကျူးကျော်ရပ်ကွက်များတွင်လည်း စစ်ကောင် စီ လက်‌အောက်ခံ ဝန်ထမ်းများမှ ကလေးတစ်ဦးလျှင် ငွေကျပ် ၁,၀၀၀ စီပေးဝေခဲ့ပြီး လူတစ်ဦးလျှင် ဟင်း တစ်ပွဲ ၅၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်း ပဲခူးတက္ကသိုလ် ကျေင်းသားများကို တက္ကသိုလ်မှ ရွှေမော်ဓောဘုရားကြီးအထိ မာရသွန်ပြိုင်ပွဲ ပြေးခိုင်းခဲ့သည်ဟု ပဲခူးမြို့နေ ပြည်သူများက ပြော သည်။

ထို့အတူ ပြည်မြို့ရှိ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) တွင်လည်း ရဲနှင့် စစ်ကောင်စီတပ်များ၏ မိသားစုဝင်များကို အသားငါးများ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ တို့ကို တန်းစီ ရောင်းချပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များမှာ ပဲခူးတိုင်းတစ်ခုလုံးတွင် အသံတိတ်သပိတ် ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ် ဆောင်ခဲ့ရာ ကြို့ပင်ကောက်မြို့တွင်လည်း မြို့နယ်ထွေအုပ်ဝန်ထမ်းများမှ ရွှေဘို ပေါ်ဆန်းမွှေး ဆန်တစ်ပြည်လျှင် ၁,၉၀၀ ကျပ်နှုန်းဖြင့် ဟန်ပြရောင်းချပေးခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်အာသိမ်းမှု ၂ နှစ်ပြည့်သည့်နေ့ ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ပြည်သူများအား လမ်းပေါ်သို့မထွက်ကြဘဲ အသံတိတ်သပိတ် ပြုလုပ်ကြရန် နှိုးဆော်ထားခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီအနေဖြင့် အဆိုပါ သပိတ်ပျက်စီးစေရန် ၎င်းတို့ ထိန်းချုပ်နိုင်သည့် နယ်မြေဒေသများတွင် ဈေးရောင်းပွဲတော်များ၊ အားကစား ပြိုင်ပွဲများ၊ တပ်မတော် ထောက်ခံပွဲများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။