စစ်ကောင်စီနှင့် ပျူစောထီးတပ်များ ရွာသားတစ်ဦးကို သတ်၊ အိမ်ကို မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့များက ရွာသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ သည်ဟု ရွာသားများက ပြောသည်။
ပစ်သတ်ခံရသူမှာ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာ၊ မင်းရပ်ချောင်ရိပ်သာလမ်းရှိ နေအိမ်တွင် နေထိုင်သည့် ဦးတင်လောင်း အသက် ၅၀ ခန့်အရွယ် ဖြစ်ပြီး ဇနီးဖြစ်သူလည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း ခံခဲ့ရ၍ ဆေး ကုသမှုခံယူနေရသည်ဟု ရွာသားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “သူတို့လာရှာတဲ့သူကိုမတွေ့လို့ဆိုပြီး အပြစ်ရှာပြီး တမင် ပစ်သတ် သွားတာ၊ ပစ်သတ်ခံရသူက ရွာမှာ လူအေးတစ်ယောက်ပါ။ နိုင်ငံရေးအရှုပ်အရှင်း ဘာတစ်ခုမှ လုပ်တဲ့သူလည်း မဟုတ်ပါဘူး” ဟု ပြောသည်။
ထားဝယ်မြို့မှ ၄ မိုင်ခန့်သာ ကွာဝေးသည့် လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာကို ဖေဖေါ်ဝါရီလ ၃ရက်နေ့၊ ည ၁၂ နာရီခန့်က ထားဝယ်ဘက်မှ ကား ၃ စီးဖြင့် သေနတ်များ ပစ်ဖောက်၍ ရောက်သည့် စစ်ကောင်စီတပ် နှင့် ပျူစော ထီးများအဖွဲ့က ယခုကဲ့သို့ ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဦးတင်လောင်းကို ပစ်သတ်ခဲ့ပြီး အိမ်အနီးရှိ ငှက်ပျောတောထဲတွင် အလောင်းကို ပစ်ထားခဲ့ကာ ပစ်သတ်ခံရသူ၏ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာသားများက ဆိုသည်။
မီးရှို့ဖျက်ဆီးခြင်းခံရသဖြင့် နေအိမ် မီးလောင်ပြာကျခဲ့သည့် အပြင် ဆိုင်ကယ် ၂ စီးလည်း မီးလောင် ပျက်စီး သွား သည်။
စစ်ကောင်စီတပ်ဖွဲ့က မင်းရပ်ရွာထဲရှိ နေအိမ်အချို့ကိုလည်း ဖေါက်ထွင်းဝင်ရောက်ပြီး ရွာသားများ ပိုင်ဆိုင်သည့် ရွှေသားများ အပါအဝင် ငွေများကို ယူဆောင်သွားကြသည့်အပြင် ဆိုင်ကယ် ၄ စီးကိုလည်း ကားပေါ်တင် ယူသွား သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် လက်နက်အားဖြင့် ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်နေသည့် အပေါ် ရွာသားများအနေဖြင့် မကျေနပ်ကြသော်လည်း မည်သို့ တုန့်ပြန်ရမည်ကို မသိဘူးဟု ဆိုကြသည်။
တချိန်တည်းမှာပင် ထားဝယ်နှင့် လောင်းလုံးမြို့ကို ဆက်သွယ်ထားသည့် ကမျောကင်းတံတား စစ်ဆေးရေး ဂိတ် တွင်လည်း လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ကြသေးသည်ဟု ဒေသခံများက ပြောသည်။