လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

လောင်းလုံး မြို့နယ် သစ်တောဦးစီးဌာနရုံး မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်တွင် နှစ်ဘက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု ပြောသည်။

“သေနတ်သံတွေက ဆူညံနေတာ။ ၁၀ မိနစ် နီးပါးလောက်ပါပဲ။ ရဲကားတွေဆင်းလာပြီး ရောက်ရုံပဲရှိသေး
ချိန်မှာ ပစ်ကြခတ်ကြတာ” ဟု အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်၊ ညောင်ပင်လမ်းဆုံးအနီး လောင်းလုံးမှ စမ်းလှန်း သို့ သွားသည့် လမ်းပိုင်းတွင်ရှိသည့် မြို့နယ် သစ်တောဦးစီးဌာနရုံး မီးရှို့ဖျက်ဆီး ခံရခြင်း ဖြစ်သည်။

သစ်တောရုံး မီးလောင်ခဲ့ပြီး မိနစ် ၃၀ ခန့် အကြာတွင် လောင်းလုံးရဲစခန်းမှ ရဲကားများနှင့် မီးသတ်ကားများ ရောက်ရှိလာပြီး မီးငြိမ်းသတ်နေစဉ် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အကြား နှစ်ဘက် ပစ် ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သစ်တောရုံး အဆောက်အဦတစ်ခု အတွင်းပိုင်း အနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး အရေးကြီးစာရွက် စာတမ်း အချို့နှင့် ရုံးသုံးပစ္စည်း ကိရိယာအချို့တို့သာ လောင်ကျွမ်းခဲ့ပြီး ကျန်အဆောက်အဦများ ပျက်စီးမှု မရှိခဲ့ ဟု ဒေသခံများက ဆိုသည်။

နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် နေရာနှင့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော နေရာမှာ မိုင်ဝက်နီးပါး ခန့်သာ ကွာဝေးသည်ဟု ရွာသားတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများ အတွင်း ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းအများစု ပူးပေါင်းပါဝင်ခဲ့ကြပြီး ယနေ့အချိန်အထိ CDM အားကောင်းသည့် မြို့နယ်တစ်မြို့နယ် လည်း ဖြစ်သည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား၍ စစ်ကောင်စီ၏ ထောက်တိုင် အဖြစ် တာဝန်ထမ်းဆောင်နေသည့် Non – CDM ဝန်ထမ်းများ အားလုံး တပါတ်အတွင်း အလုပ်ထွက်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – LLPDF က အသိပေးချက် ထုတ်ပြန်ထားသည်။