စစ်ကောင်စီ ယာဉ်တန်း ရှေ့ထွက်မိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
ဝက်လက်မြို့နယ်မှ ရွှေဘိုမြို့ထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်း ရှေ့ထွက်မိုင်းဖြင့် ၂ ကြိမ် တိတိ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးသွားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကျေးရွာမှ ရွှေဘိုမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီ ယာဉ်တန်းအား ရွှေဘိုမြို့နယ် မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကျေးရွာ နေ ပြည်သူများက ပြောသည်။
Buffalo Soldiers Freedom Force (SBLDF) ကာကွယ်ရေး တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ကျွဲကြီးက “အဲဒီဘက်မှာ ကျနော်တို့ ကင်းထောက်တွေရှိတယ်။ ပြည်သူတွေလိုမျိုးပဲ သွားလာနေတဲ့ ကိုယ့်လူတွေပေါ့။ သူ တို့ မြင်တွေ့ရတာက ကားပေါ်မှာ တုံးလုံးပလက် လဲနေလို့ နာရေးကားတွေနဲ့ လာသယ်တယ်လို့ ပြောတယ်” ဟု ပြောသည်။
စိုင်နိုင်ကွေ့ကျေူရွာမှ ရွှေဘို- မန္တလေးလမ်းမကြီးအတိုင်း ထွက်ခွါလာသော စစ်ကောင်စီ၏ အဖြူရောင် ၁၂ ဘီး ကား တစ်စီးသည် စိုင်နိုင်ကြီးနှင့် စိုင်းနိုင်လေး ကျေးရွာကြားသို့ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ၅ ဦးသေဆုံးသွားသည်ဟု ရွှေဘိုမြို့နယ် မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုမှ တာဝန်ရှိသူများက ပြောသည်။
ထိုစစ်ဆင်ရေးမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီယာဉ်တန်းအား ရှေ့ထွက် မိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးဖြစ်သည်။ ထို့နောက် စစ်ကောင်စီ၏ အဖြူရောင် ၁၂ ဘီးကား တစ်စီးမှာ ထိခိုက်ပျက်စီးမှုများစွာဖြင့် ဆက်လက်မောင်းနှင်လာခဲ့ရာ ရွှေဘိုမုဒ်ပေါက်နှင့် ဇီးတောကျေးရွာ ကြား သို့အရောက် နံနက် ၉ နာရီ ၄၅ မိနစ် အချိန်တွင် ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ထိုသို့ ၂ ကြိမ်မြောက် မိုင်းဆွဲ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်များ ၄ ဦးခန့် သေဆုံးခဲ့ပြီး အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက Light Truck ၁ စီး၊ ခွေးဘီလူး ၁ စီး၊ Super Custom ၁ စီး တို့ဖြင့် ရွှေဘို မုဒ် ပေါက်အထိ လာရောက်သယ်ဆောင်သွားပြီးနောက် ထိုမှတစ်ဆင့် ရွှေဘိုမြို့ထဲသို့ နာရေးကူညီမှုကားများဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။
ဖောက်ခွဲတိုက်ခိုက်မှုများ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပြီးနောက် တော်လှန်ရေး တပ်ပေါင်းစု တပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်သည့် အချိန်တွင် စစ်ကောင်စီတပ်များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ သော်လည်း ၎င်းတို့အနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့သည်ဟု တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူများက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား SBLDF အဖွဲနှင့်အတူ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ Hero Brothers Guellia Force, Shwebo Defence Force (SBLDF) တပ်ခွဲ (၁)၊ စခန်း (၁) တို့က အတူတကွ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၂ ကြိမ်ပေါင်းတွင် စစ်ကောင်စီ ၉ ဦးခန့် သေဆုံးသည်ဟု အတည်ပြု ပြောသည်။
လုပ်ဆောင်နေသည့် စစ်ဆင်ရေး (Mission)များနှင့်ပတ်သက်၍ ဗိုလ်ကျွဲကြီးက “မစ်ရှင်ကတော့ အကုန်လုံး ခက် ခက်ခဲခဲ လုပ်ရတဲ့ မစ်ရှင်တွေပဲ။ လမ်းပေါ်မှာ ကျနော်တို့က မိုင်းပါဆယ်နဲ့ စောင့်ရပြီဆိုကတည်းက ၁၀၀% အသက်အန္တရာယ် ရှိတာပဲ။ လက်လုပ်မိုင်းတွေ ဖြစ်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်။ အစစ အရာရာ Error ဖြစ်သွားနိုင်တယ်။ မိုင်းထောင်တာတော့ မုဒ်ပေါက်က ပိုခက်ခဲတာပေါ့။ ဒီနရာက ကျနော်တို့ ပိုင်နက်ဆို တော့ နည်းနည်းအဆင်ပြေသေးတယ် ပြောလို့ရတာပေါ့” ဟု ပြောသည်။
ရွှေဘိုမြို့နယ် မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုများအနေဖြင့် လက်နက် အင်အား နည်းပါးခြင်းကြောင့် မိုင်း ဆွဲတိုက်ခိုက်မှုများဖြင့်သာ စစ်ရေးဖော်ဆောင်နေရပြီး ထိုစစ်ဆင်ရေးများမှာလည်း ရံပုံငွေများစွာ ကုန်ကျ သည် ဟု ဆိုသည်။
သို့ဖြစ်၍ ၎င်းတို့ ပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နိုင်ရေး ပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်ကြောင်းနှင့် တော်လှန်ရေးအတွက် တတ်နိုင်သမျှ ပါဝင်ပေးကြရန် တောင်းဆိုထားသည်။