တရုတ်နယ်စပ် ပို့ကုန်သွင်းကုန် စနစ် အပြောင်းအလဲ ရှိလာပြီး ကြန့်ကြာမှုများရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်။
ကျင်စန်းကျော့-ဝမ်တိန်နယ်စပ် တရုတ်ဘက်ခြမ်းတွင် ပို့ကုန်၊ သွင်းကုန် စနစ် မကြာခဏ ပြောင်းလဲမှု ရှိသဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာဘက်မှ သစ်သီးတင်ပို့မှု နှောင့်နှေးကြန့်ကြာနေသည်ဟု နယ်စပ်ကုန်သည်များနှင့် ယာဉ်မောင်းများက ပြောသည်။
မြန်မာနှင့် တရုတ်နှစ်နိုင်ငံ ထိစပ်နေသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အတွင်းရှိ ကျင်စန်းကျော့-ဝမ်တိန် နယ်စပ် တရုတ်ဘက်ခြမ်းတွင် ပို့ကုန်၊ သွင်းကုန် စနစ် မကြာခဏ ပြောင်းလဲသည့်အတွက် ယခုကဲ့သို့ သစ်သီး တင်ပို့မှု နှောင့်နှေးကြန့်ကြာနေရခြင်း ဖြစ်သည်ဟု ပြောသည်။
နယ်စပ်က သစ်သီးကုန်သည်တစ်ဦးက “တရုတ်ဘက်က စနစ်က အခုတစ်မျိုး၊ တော်ကြာ တစ်မျိုး ဖြစ်နေတာ။ ဘယ်လိုပြောရမှန်းကိုမသိတော့ဘူး။ တော်တော်ကို တိုင်ပတ်နေတယ်” ဟု ပြောသည်။
တရုတ်ဘက်ခြမ်း ဝမ်တိန် အခွန်ဌာနတွင် ပုံမှန်လည်ပတ်နေသည့် နယ်စပ်ကုန်သွယ်ရေးစနစ်ကို အဆင့် ၂ သို့ ပြောင်းလဲကာ အဆင့်ထပ်မြှင့်တင်မှု လုပ်ဆောင်နေသဖြင့် သစ်သီးကားများ တရုတ်ဘက်သို့ ဝင်ရောက်မှု နှေး ကွေးကာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု အဆိုပါ သစ်သီးကုန်သည်က ဆက်ပြောသည်။
ဖရဲ ကုန်တင်ယာဉ်မောင်း တစ်ဦးက “တရုတ်ဘက်က စနစ် အသစ် ထပ်ပြောင်းလိုက်တဲ့ အခါကျတော့ ကားတွေ က တအားကြာသွားတာ” ဟု ပြောသည်။
အသီးတင်ပို့ကားများ ပုံမှန် တစ်ရက်လျှင် အစီးရေ ၇၀ ဝန်းကျင် တရုတ်ဘက်သို့ တင်ပို့နေရာမှ ယခုရက်ပိုင်း အတွင်း တစ်ရက်လျှင် အသီးတင်ပို့ကား အစီးရေ ၃၀ ဝန်းကျင်ခန့်သာ တင်ပို့နေရခြင်း ဖြစ်သည်ဟု ဆိုသည်။
တရုက်ဘက်သို့ ကား အဝင်နည်းသွားသောကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့ အထိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကွင်းနှင့် တရုတ်နယ်စပ် ကျင်းစန်းကျော့ဘက်တို့တွင် အသီးကားများ ရာနှင့်ချီ စောင့်ဆိုင်းနေသည်ဟု လည်း သစ်သီးကုန်သည်များက ပြောသည်။
ရက်ကြာလာပါက အသီးများ အရည်အသွေး ကျဆင်းလာမည်ကို ကုန်သည်များ စိုးရိမ်ကြရသကဲ့သို့ နှောင့်နှေး ကြန့်ကြာမှုကြောင့် သစ်သီးကုန်တင် ယာဉ်မောင်းများနှင့် တောင်သူများလည်း အခက်အခဲ ဖြစ်ကြရသည်။
ထို့အပြင် ဝမ်တိန်၌ ခါလီတန်ချိန်နှင့် ဝမ်တိန်ဖရဲကွင်းရှိ ကတ္တားမှ ခါလီတန်ချိန်တို့ ကိုက်ညီမှုမရှိပါက ယာဉ် မောင်းများ၏ ကားခထဲမှ ယွမ် ၁၅၀ ဖြတ်ယူသည့်အချက်လည်း ထပ်တိုးလာသည်ဟု သစ်သီးတင် ယာဉ်မောင်း များက ပြောသည်။
ယာဉ်မောင်း တစ်ဦးက “ကတ္တားတလုံးနဲ့ တလုံးတောင် ကွာဟမှုရှိနေတဲ့ဟာကိုဗျာ။ ဘာကြောင့် အဲ့လို အဖြတ် ခံ ရတာလဲ မသိဘူးဗျ။ ကတ္တား ညှိပေးမှရမှာ။ ခါလီအမှန်ပြောလဲ ဝမ်တိန်ကွင်းက ကတ္တားပဲ သုံးမယ်ဆိုရင် ဘယ် လိုမှ မမှန်နိုင်ဘူး။ ကွာကိုကွာတယ်။ ဝမ်တိန် ကတ္တားထဲက ခါလီတန်ချိန်နဲ့ မြန်မာပြည်လမ်းရဲ့ ခါလီတန်ချိန်နဲ့ ဘယ်လိုမှ ကိုက်ညီမှု ရှိမှာမဟုတ်ဘူးဗျ။ အနည်းဆုံးတော့ ၁၅၀ Kg လောက် ကွာဟမှုရှိမှာဘဲဗျ။ ကျနော့် ကား ၂ စီးတော့ ၈၅၀၀၀ ကျပ် အဖြတ်ခံလိုက်ရတယ်” ဟု ပြောသည်။
ယခုကဲ့သို့ တန်ချိန် ကွာဟမှုရှိသဖြင့် ကုန်သည်ပွဲစားများ အနေဖြင့်လည်း ဂျူတီ အခွန်ဖိုး နစ်နာရသည်ဟု ကုန်သည်တစ်ဦးက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အရည်အသွေးကောင်းသည့် ဖရဲသီး ၁ ကီလိုဂရမ်ကို ၃.၅ နှင့် ၃.၆ ယွမ် ဝန်းကျင်၊ သခွားသီး ၁ ကီလိုဂရမ် ၅ ယွမ် ဈေးပေါက်ကြောင်းသိရပြီး လာအိုနိုင်ငံမှလည်း တရုတ်နိုင်ငံသို့ ဖရဲ တင်ပို့မှုရှိသောကြောင့် အရည်အသွေး၊ ဈေးကွက် ယှဉ်ပြိုင်မှုများ ရှိနေသဖြင့် ဈေးကွက် ထိန်းနိုင်ရေး တောင်သူ၊ ပွဲစား၊ ကုန်သည်များ အနေဖြင့် အရည်အသွေးမှီ အသီးများကိုသာ တင်ပို့သင့်သည်ဟု နယ်စပ်သစ်သီး ပို့ကုန် လုပ်ငန်းရှင်များ က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ လကုန်ရက်မှစတင်၍ တရုတ်ဘက်ခြမ်းရှိ အခွန် (ပေါက်ကွမ်း) ရုံးတွင် Boarder Trade Level Two သို့ System Update ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ ကျင်းစန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးဂိတ်သည် မြန်မာ – တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု အားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ကုန်သွယ် စီးဆင်းရာ နယ်စပ်ဂိတ်ဖြစ်သည်။
Photo: Crd -MK