အုတ်လုပ်ငန်း အခွန်တိုးမြှင့်သဖြင့် လုပ်ငန်းရှင်များ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။

ဧရာဝတီတိုင်းရှိ မြို့နယ်များအသီးသီးတွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က လက်ရိုက်အုတ် လုပ်ငန်း အခွန်ကို အဆမတန် တိုးမြှင့် တောင်းယူနေသဖြင့် လက်ရိုက် အုတ်လုပ်ငန်း လုပ်ကိုင်နေသူများ အခက်အခဲ ဖြစ်နေကြ သည်ဟု လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

အုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ အုတ်အလုံး ၁ သောင်းခွဲထွက် လိုင်စင်ဖိုကြီး တစ်ဖိုလျှင် ကျပ် ၄ သိန်း တောင်းပြီး အုတ်အလုံးရေ ၂၀၀၀ မှ ၅၀၀၀ အတွင်း ထွက်သည့် အုတ်တဖိုအား ကျပ် ၁သိန်းခွဲနှုန်းဖြင့် တောင်း နေခြင်း ဖြစ်သည်ဟု ပြောသည်။

လက်ရိုက်အုတ်ဖို လုပ်ကိုင်သူ တစ်ဦးက “အုပ်ချုပ်ရေးအဖွဲ့ ရံပုံငွေ ဆိုပြီး ရပ်ကျေး အုပ်ချပ်ရေးမှူးက တောင်း တာ။ အုတ်လုပ်မယ် ဆိုရင်ပေး၊ မပေးရင် မလုပ်ရဘူး ဆိုတာပဲ။ တောင်းတဲ့ ပိုက်ဆံက မနည်းမနှော ဆိုတော့ အဆင်မပြေဘူး။ အုတ်ဈေးတက်ရောင်းပေမယ့် ဖေါက်သည်က နည်းတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ အိမ်မဲ၊ မြောင်းမြ၊ ဝါးခယ်မ အစရှိသည့် မြို့နယ်များအတွင်းက စစ်ကောင်စီအဖွဲ့များက လက်ရိုက်အုတ်လုပ်ငန်း လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း နေကြသူများထံမှ တောင်းယူနေခြင်း ဖြစ်သည်ဟု လက်ရိုက်အုတ် လုပ်ကိုင်သူများက ပြောသည်။

မြို့နယ် စစ်ကောင်စီ အဖွဲ့ ရံပုံငွေ သာမက မြေစာရင်း စည်ပင်သာယာဌာနတို့၌လည်း အခွန်ဆောင်နေရသည့် အပြင် စစ်ကောင်စီ၏ နယ်မြေစိုးမိုးရေး တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် ပျူစောထီးများကလည်း မကြာ ခဏ ဆိုသလို အကြောင်းအမျိုးမျိုးပြ ငွေတောင်းနေကြသည့်အတွက် ပိုပြီး အဆင်မပြေဖြစ်ရသည် ဟု ဒေသခံ အုတ်လုပ်ငန်းလုပ်ရှင် အချို့က ပြောသည်။

စစ်တပ် အာဏာမသိမ်းခင်က အုတ်အလုံး ၂၀၀၀ မှ ၅၀၀၀ အတွင်း ထွက်သည့် အုတ်ဖို တနိုင်တပိုင် လုပ်ကိုင်သူ များ အနေဖြင့် လိုင်စင်လုပ်ငန်းခွန် ပေးဆောင်ရန်မလိုဘဲ အုတ်အလုံး ၁ သောင်းခွဲထွက် လိုင်စင်ရ အုတ်ဖိုကြီး များကသာ တနှစ်စာအတွက် လုပ်ငန်းလိုင်စင်ခွန် ကျပ် ၁ သိန်းခွဲကျော်သာ ပေးဆောင်ရသည်ဟု လုပ်ငန်းရှင်များ က ပြောသည်။

အခွန်အကောက် များလာခြင်း လောင်စာ (စပါးခွံ)၊ မြေငှားခ ဈေးတက်လာခြင်းကြောင့် အုတ်ဈေးမြင့်တက် လာ ပြီး အဆောက်အဦသစ် ဆောက်လုပ်သူ နည်းပါးနေသည့်အပြင် စစ်ကောင်စီ၏ တည်ဆောက်ရေး လုပ်ငန်းများ အလွန်နည်းပါးသောကြောင့် လက်ရိုက်အုတ် ဝယ်လိုအား လျော့ကျလာကာ အုတ်ဖိုအချို့ အလုပ်ရပ်ထားရသည် ဟု လက်ရိုက်အုတ် ရောင်းဝယ်သည့် ဈေးကွက်မှ သိရသည်။

အုတ်ဖုတ် လုပ်သား ခေါင်းဆောင်တစ်ဦးက “ဒီလိုအုတ်ဖုတ် ရာသီမှာ မိသားစု လိုက်လာပြီး ဖိုပိုင်ရှင်မြေမှာ ယာ ယီနေပြီး လုပ် လုပ်ကြရတာ။ အခုက အရင်လို တဖိုပြီး တဖို လုပ်ကြရတာ မဟုတ်ပဲ အလုပ်က နားထားလိုက် ပြန်လုပ်လိုက် နဲ့ ကျဲသွားတော့ မိသားစု စားဝတ်နေရေးက ခက်လာတယ်” ဟု ပြောသည်။

ယခင်က အုတ်ဖုတ်လုပ်ငန်း နားနေချိန်တွင် ပြင်ပ ကျပန်း နေ့စား အလုပ်နှင့် ဆိုင်ကယ်တက္ကစီ မောင်းသည့် အလုပ်ကို ကြားပေါက် လုပ်ကိုင်၍ ရသော်လည်း ယခုအခါ ကျပန်းနေ့စားအလုပ် နည်းပါးခြင်း ဆိုင်ကယ်များ အစစ်အဆေး အဖမ်းအဆီးများနေခြင်းကြောင့် အလုပ်အကိုင်များပင် ပြတ်လပ်လာသည်က များနေသည်ဟု ၎င်း အုတ်ဖုတ်လုပ်သားခေါင်းဆောင် က ဆက်ပြောသည်။

ပုသိမ်မြို့နယ် တစ်ခုတည်း၌ပင် အုတ်ဖိုပေါင်း ၂၄၀ ကျော် ရှိနေပြီး အုတ်ဖိုတစ်ခုလျှင် မြေတူး မြေလုံး ပုံရိုက် နေလှန်း မီးထိုး ဖိုကိုင် လုပ်ငန်း အဆင့်ဆင့်အတွက် လုပ်သား ၅ ဦး မှ ၈ ဦး အထိရှိကြရာ အုတ်ဖုတ် လုပ်သား ၃၀၀၀ နီးပါး ရှိနေသည်ဟု အုတ်ဖုတ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။