စစ်တပ်မှ ဖမ်းဆီးသွားသူ နှစ်ဦး ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
ရာဘာခြံအတွင်း မြက်ခုတ်နေသူ နှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်သွားပြီးနောက် ဦးခေါင်းပွင့်ထွက် ဒဏ် ရာများဖြင့် သေဆုံးလျက် တောလမ်းတနေရာတွင် တွေ့ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီး ပစ်သတ်ခံရသူများမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ ရာဘာခြံအတွင်းရှိ နေအိမ်တွင် နေထိုင်သူ အိမ်ရှင် ကိုပိုင်စိုး အသက် ၃၀ နှစ် နှင့် ကိုဖြိုးငယ်ဇော် အသက် ၂၀ နှစ်တို့ ဖြစ်ကြသည်။
သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအရှေ့ဘက် ကျောက်တစ်လုံးတောရ ရိပ်သာလမ်းရှိ ရာဘာခြံထဲသို့ ဖေဖေါ်ဝါ ရီလ ၇ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ် နှင့် ဝင်းဝရဲစခန်းမှ ရဲများမှ ဝင်ရောက်လာပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
အသက် ၃၅နှစ်အရွယ် ရွာသားတစ်ဦးက “ရွာထဲက လူတွေကတော့ စစ်တပ်လာတာမြင်တာနဲ့ ပြေးကြပုန်းကြ တာ။ သူတို့က မြက်ခုတ်နေကြတာဆိုတော့ အလုပ်ထဲ အာရုံစိုက်နေတော့ မမြင်လိုက်ဘူး ထင်ပါတယ်။ ကြိုး တုပ်ပြီးခေါ်သွားတာ” ဟု ပြောသည်။
၎င်းတို့ နှစ်ဦးအား ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် သေနတ်သံ ၂ ချက် ကြား လိုက်ရသေးသည်ဟု ၎င်းက ဆိုသည်။
ထို့နောက် ပြန်ထွက်လာသည့် စစ်ကြောင်းသည် ကျေးရွာအတွင်း ဖြတ်သန်းသွားလာနေစဉ် ဖမ်းဆီးခေါ် ဆောင် သွားသည့် လူငယ် ၂ ဦးကိုလည်း မမြင်တွေ့ရသောကြောင့် မိသားစုဝင်များ နှင့် ရွာသားများက လိုက်လံရှာဖွေခဲ့ ကြရာမှ ယခုကဲ့သို့ အလောင်းများသာ ပြန်တွေ့ရခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာမှ ပြန်သွားပြီးနောက် အလောင်းများကို ထိုနေ့ မွန်းလွဲ ၁ နာရီခန့်မှာပင် မိသားစုဝင်များနှင့် ရွာသားများက နေ့မကူးစေဘဲ မီးသင်္ဂြိုဟ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။