ယမ်းချက်စက်ရုံ ရှော့တိုက်ဒုံးဖြင့် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ယမ်းများ ချက်လုပ်သည့် စက်ရုံဖြစ်သော ကာကွယ်ရေး ပစ္စည်း စက်ရုံ ကပစ ၁၄ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသည်ဟု ဒေသခံများက ပြောသည်။
မကွေးတိုင်းဒေသကြီး အနောက်ဘက်၊ ငဖဲမြို့နယ်ရှိ ယမ်းချက်သည့် ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် – ၁၄ ကို ၁၀၇-မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု People’s Revolution Alliance – PRA Magway က ထုတ်ပြန် ထားသည်။
GE ဆောက်လုပ်ရေးတပ် ဝန်ထမ်းဟောင်းတစ်ဦး က ”ပဒါန်းလို့ လူသိများတယ်။ ငဖဲစက်ရုံလို့ သိပ်မသုံးဘူး။
သူက ကယ်မီကယ်လိုင်း ယမ်းဖြစ်မယ့်ဟာတွေ အကုန် ကုန်ကြမ်းသွင်းပြီး လုပ်တဲ့စက်ရုံ” ဟု ပြောသည်။
ဖေဖေါ်ဝါရီလ ၉ ရက်နေ့၊ နံနက် ၁ နာရီအချိန်ခန့်က ၁၀၇-မမ ရှော့တိုက်ဒုံး ၂ လုံး အပြင် RPG နှင့်ပါ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟုလည်း People’s Revolution Alliance – PRA Magway ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ် ပြုတ်ကျရေး တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ကပစ စက်ရုံများ၊ လက်နက် သို လှောင်သည့် ခဲယမ်းမီးကျောက်တပ်တို့ကို အဓိကပစ်မှတ်ထားကာ တိုက်ခိုက်ကြရန် ပြည်သူများကလည်း လူမှု ကွန်ရက်စာမျက်နှာတွင် နေ့စဉ် တိုက်တွန်းနှိုးဆော် နေကြသည်။
ကပစ ၁၄ သည် ယမ်းချက်သည့်စက်ရုံဟုသာ ဒေသခံများက သိသောစက်ရုံဖြစ်သည်။ သို့သော် အဆိုပါ စက်ရုံ သည် ယမ်းအပြင် အခြားသော ဓာတုပစ္စည်းများ ဖေါ်စပ်သည့် ကယ်မီကယ် စက်ရုံဖြစ်သည် ဟု GE ဆောက်လုပ် ရေးတပ် ဝန်ထမ်းဟောင်းတစ်ဦး က ပြောသည်။
ထို့အပြင် မကွေးဒေသအတွင်း စစ်ကောင်စီတပ်သည် ပြည်သူများကို နှိပ်စက်သတ်ဖြတ်နေပြီး တော်လှန်ရေး အဖွဲ့များမှ တိုက်ခိုက် သယောင် လုပ်ကြံနိုင်သည်ဟုဆိုကာ ပဒါန်း၊ ငဖဲနှင့် နီးသော ရွှေစက်တော်ဘုရားသို့ မသွား ကြရန်လည်း PRA မကွေး တပ်ဖွဲ့ က မေတ္တာရပ်ခံထားသည်။
ယခု တိုက်ခိုက်မှုကို People’s Revolution Alliance – PRA Magway ဟောလုံ စစ်ကြောင်း နှင့် မောလုံ စစ် ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ဆင်ရေးကို အရှိန်တိုးမြင့် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။