ကာကွယ်ရေး စက်ရုံ အမှတ် ၁၂ ကို လျော့တိုက်ဒုန်းဖြင့် ပစ်ခဲ့သည်ဟု သရက် PDF ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
သရက်မြို့က ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၁၂ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သရက်ခရိုင် PDF တပ်ရင်း-၄ Eagle Force ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
မကွေးတိုင်း ဒေသကြီး၊ သရက်မြို့ အနောက်ဘက်ရှိ ကပစ ၁၂ ကို သရက်ခရိုင် PDF တပ်ရင်း – ၄ Eagle Force အဖွဲ့က ၉၀-မမ ရှော့တိုက်ဒုံး ၂လုံးဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၃ နာရီ အချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။
တပ်ရင်း ၄ Eagle Force ၏ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ”၉၀ မမ ပါ၊ လက်လုပ်မဟုတ်ပါဘူး။ ၂လုံး ပစ်တာ မှာ တစ်လုံးက error ဖြစ်လို့ ပစ်မရခဲ့ဘူး။ အခု မနက်ပိုင်းက ကပစထဲကို အထူးကု ဆရာဝန် ၃ ယောက် အရေး ပေါ် အခြေအနေဆိုပြီး ရောက်တယ်လို့ သိရပါတယ်။ ထူးခြားတာရှိရင် ထုတ်ပြန်ပေးမယ်” ဟု ပြောသည်။
သို့သော် ထိခိုက်ကျဆုံးမှုကိုမူ မသိရသေးဘူးဟု ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။
အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သရက်မြို့၊ ရေမျက်ကျေးရွာရှိ ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့သေးသည်ဟု ထုတ်ပြန်ထားသည်။
သရက်-ကံမ-မင်းတုန်း ပူးပေါင်းအဖွဲ့သည် NUG အစိုးရ၏ သရက်ခရိုင် PDF တပ်ရင်း-၄ အဖြစ် ၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၁၄ ရက်နေ့က အသိအမှတ်ပြုခံခဲ့ရသည်။
ဒေသတွင်း စစ်ကောင်စီ စစ်သားများအား အနားမရအောင် နည်းလမ်းမျိုးစုံဖြင့် စစ်ဆင်ရေးများ ဖေါ်ဆောင်နေ သည့် တပ်ဖွဲ့ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
သရက်မြို့ရှိ ကပစ – ၁၂ သည် ၆၀-မမ၊ ၈၁-မမ၊ ၁၂၀-မမ မော်တာဗုံးသီးများ ထုတ်လုပ်သော စက်ရုံဖြစ်ကာ ထုတ်လုပ်ပြီးသော ဗုံးသီးများကို သရက်-ကံမ-ပြည် လမ်းအတိုင်းလာပြီး ပန်းတောင်းမြို့ ခလရ တပ်တွင် သိုလှောင်ထားသည်။
ထိုမှတဆင့် စစ်တိုင်းများအသီးသီးနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်မများ အသီးသီးသို့ တဆင့်ဖြန့်ဝေသည် ဟု ကပစ – ၁၂ နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။