အရပ်သားကား မှားယွင်းတိုက်ခိုက်မှု ရေဖြူ PDF တောင်းပန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ရေး – ထားဝယ် ကားလမ်းပေါ်တွင် အရပ်သားကား တစ်စီးကို မှားယွင်း တိုက်ခိုက်ခဲ့မိခြင်းကြောင့် ထိခိုက်နစ်နာခဲ့ ရမှုများအပေါ် အနူးအညွတ်ဝန်ချ တောင်းပန်ပါကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားသည်။
ထားဝယ်ဘက်မှ ရေဖြူမြို့နယ် ရာဖူးကျေးရွာသစ် ဘက်သို့ ဖေဖေါ်ဝါရီ ၆ ရက်နေ့က မောင်းနှင်လာသည့် ဟိုက်ဂျက်ကားတစ်စီး နှမ်းကြဲကျေးရွာနှင့် မိုင်တိုင် ၃၀ အကြား ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် ရာဖူးကျေးရွာသစ် ဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးဥက္ကဋ္ဌနှင့် ဒေါ်အုန်းမြဆိုသူတို့ သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ “စစ်ကားနှစ်စီးကြားမှာ ညပ်ပါလာတဲ့ ဟိုက်ဂျက်ကားကို လုံးဝ သတိမထားမိဘဲ မိုင်းဆွဲမိလိုက်တာပါ။ ပြီးမှ ဘုန်းကြီးပါလာတဲ့ ကားမှန်းသိရတာ” ဟု PDF အဖွဲ့တာဝန်ရှိသူ က ပြောသည်။
ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ကို လမ်းမှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရန် ပစ်မှတ် ထားခဲ့သော်လည်း အရပ်သားကားကို မှားယွင်းစွာ တိုက်ခိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ဖော်ပြထားခြင်း ဖြစ်သည်။
ထိုနေ့တွင် ကလိန်အောင်မြို့ အခြေစိုက်တပ်ရင်းမှ အရပ်ဝတ်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဟိုက်ဂျက်ကား နှစ်စီး ရေဖြူဘက်သို့ ဆင်းလာကြောင်း သတင်းရရှိခဲ့ခြင်းကြောင့် PDF တပ်ဖွဲ့က ရှေ့ထွက် မိုင်း ဆင်ပြီး တိုက်ခိုက်ရန် စောင့်ကြိုနေခဲ့ကြကြောင်းကိုလည်း ရေးသားထားသည်။
မိုင်းဆွဲပြီးသည့်နောက် အရပ်သားကားမှန်း သိရှိခဲ့ရသော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် ကူညီပေးနိုင်ခြင်း မရှိခဲ့ဘဲ နီးစပ်ရာဆေးရုံနှင့် ပရဟိတ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တို့ထံကိုသာ ဖုန်းဆက်ကူညီ အကြောင်း ကြားပေးခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယခုဖြစ်စဥ်အတွက် သက်ဆိုင်သူအားလုံးကို ထပ်ဆင့်၍ အနူးအညွတ်ဝန်ချ တောင်းပန်ပါကြောင်း အပြင် နောက်နောင် အလားတူ ဖြစ်စဥ်မျိုး ထပ်မံမဖြစ်စေရန် ပြည်သူများအား ဝန်ခံကတိပြုပါကြောင်းလည်း ရေး
သား ထုတ်ပြန်ထားသည်။