စစ်ကောင်စီတပ်အချင်းချင်း လက်နက်ကြီးဖြင့် မှား ပစ်၊ ၅ ဦး သေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။

မိုးဗြဲတွင် စစ်ကောင်စီတပ်များ အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးသွားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်များ အချင်းချင်း လက်နက်ကြီး မှားယွင်းပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ၅ ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု မိုးဗြဲ PDF အဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “ကာကွယ်ရေးအဖွဲ့တွေ မဟာမိတ်အဖွဲ့တွေက စက်တော်ရာ တော် ပေါ်အထိ ရောက်တယ်လေ။ ပြီးတော့မှ လက်နက်ကြီးကြောင့် ပြန်ဆုတ်လိုက်ရတယ်။ ပြန်ဆုတ်တဲ့အချိန်မှာ သူ တို့က ပစ်လာတယ်။ အဲ့ဒီမှာ ကျနော်တို့ မျက်မြင်တွေ့တာပေါ့နော်။ သူတို့ ကင်းပုန်းရှိတဲ့နေရာကို ၃ လုံး လောက် ကျတာပေါ့နော်။ အဲဒီမှာ သူတို့ လူတွေကို ကျနော်တို့ Drone တွေနဲ့ ထောက်ကြည့်တော့ သူတို့လူတွေ ကို ပြန်ဆွဲ ထုတ်သွားတာ တွေ့ရတယ်” ဟု ပြောသည်။

မိုးဗြဲမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် အချိန်အတွင်း ၎င်းတို့ အချင်း ချင်း မှားယွင်းပစ်ခတ်မိခြင်း ဖြစ်သည်ဟု မိုးဗြဲ PDF တာဝန်ရှိသူများက အတည်ပြု ပြောသည်။

မိုးဗြဲမြို့အစွန်ဘက် စက်တော်ရာ တောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကရင်နီမဟာ မိတ် တော်လှန်ရေး တပ်ပေါင်းစုများမှ ပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ်ခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် ဖယ်ခုံအခြေစိုက် ခမရ ၃၃၆၊ ခမရ ၄၃၁၊ မိုးဗြဲအခြေစိုက် ခမရ ၄၄၂ နှင့် ဝါရီ ဆူး ပလိုင် ကျေးရွာထဲတွင် တပ်စွဲထားသည့် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု ပြောသည်။

ထိုလက်နက်ကြီးများမှာ ကရင်နီ မဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုများဘက်သို့ မကျရောက်ဘဲ စစ်ကောင်စီ တပ်များ တပ်စွဲထားသည့် နေရာသို့သာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်နီမဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုများဘက်မှ မိုးဗြဲ PDF၊ လွိုင်ကော် PDF နှင့် ဖယ်ခုံမြို့နယ် အခြေစိုက် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၃ တို့ ပါဝင်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက မိုးဗြဲမြို့သို့ သာလွန်အင်အားဖြင့် စစ်အင်အား ဖြည့်တင်မှုများ ပြုလုပ်လာသည်ဖြစ်ရာ ယခုတစ်ကြိမ်တွင် တင့်ကားများလည်း ပါဝင်လာသည်ဟု မြို့ခံပြည်သူ များက ပြောသည်။

မိုးဗြဲ PDF ၏ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကလည်း “တပ်မရေးရာက ထိုးလာတာ တင့်ကားအပါပေါ့နော်။ မနေ့ညက အထိတော့ သူတို့အသုံးပြုလား မသိဘူး။ ဘယ်ကို ဘယ်အထိ ယူသွားမလဲ၊ ဘယ်မှာ ဖွက်ထားလဲ ဆိုတာတော့ စုံစမ်းနေဆဲပေါ့နော်” ဟု ပြောသည်။

မိုးဗြဲ PDF အနေဖြင့် စက်တော်ရာ တောင်ကုန်းအား ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ရေးဖော်ဆောင်သွားမည် ဖြစ် ပြီး ၎င်းတို့အနေဖြင့် လက်နက်အင်အား မလုံလောက်သောကြောင့် “သေနတ် ၅ လက် ကမ်ပိန်း(Campaign)” တွင် ပြည်သူများအနေဖြင့် ပါဝင်ကူညီပေးကြရန် တိုက်တွန်းထားသည်။

ထို့အပြင် ၎င်းတို့ ရက်အကန့်အသတ်မရှိ ပိတ်ထားသည့် မိုးဗြဲ- ပီကင်း ကားလမ်းမှာလည်း စစ်ကောင်စီ တပ် များနှင့် နီးစပ်သည်ဖြစ်၍ အချိန်မရွေး လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နိုင်သောကြောင့် သွားလာခြင်း မပြုကြသေးရန် သတိပေးထားသည်။