စစ်ကောင်စီ တပ်တွင်း ပစ်ခတ်မှု တပ်ကြပ်ကြီး တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။

ခလရ ၂၇၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် အချင်းချင်း ပစ် ခတ်မှုဖြစ်ကာ တပ်ကြပ်ကြီး ၁ ဦး သေဆုံးပြီး ပစ်ခတ်သူ ထွက်ပြေးလွတ်မြောက်လျှက်ရှိသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံတပ်ရင်းအတွင်း ကင်းစောင့်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများရာမှာ စစ်ကောင်စီတပ်သားက တပ်ကြပ်ကြီးကို သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါတပ်တွင်း မိသားစု နှင့် နီးစပ်သူတစ်ဦး “တပ်ရင်းထဲမှာ ဖြစ်တာ မဟုတ်ဘူး။ ထိပ်စွန်း ရှေ့တန်းစခန်းမှာ ဖြစ်တာ။ ကင်းစောင့်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စကားများပြီး ရဲဘော်က တပ်ကြပ်ကြီးကို ပစ်သတ်လိုက်တာ” ဟု ကပြောသည်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့၊ ည ၈ နာရီဝန်းကျင်အချိန်က ပစ်ခတ်မှုဖြစ်ပွားပြီး တပ်ကြပ်ကြီးဆိုသူမှာ သေဆုံးသွား ခြင်း ဖြစ်သည်ဟု တပ်တွင်းမိသားစုနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်မြို့ အခြေစိုက် တပ်ရင်းတစ်ရင်းဖြစ်ပြီး ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာ အုန်းချောင်းအနီး ထိပ်စွန်း၊ အမြောက်တပ်စခန်း လုံခြုံရေးနှင့် ပင်လယ်ကမ်းရိုးတန်း ဒေသတွင် နယ်မြေ စိုးမိုး ရေး လုပ်နေသည့် ခလရ ၂၇၁ တပ်ရင်း၏ တပ်ခွဲတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိပ်စွန်းရှေ့တန်းစခန်းရှိ တပ်ခွဲမှ တပ်သားလင်းထွဋ်က သေနတ်ဖြင့် ၄ ချက် ဆင့်ကာ ပစ်ခတ်လိုက်ခြင်း ဖြစ်ပြီး တပ်ကြပ်ကြီးတင်ဝင်း ဆိုသူ ပွဲချင်းသေဆုံးသွားကာ ၂ ဦးစလုံးမှာလည်း အရက်သောက်ထားကြသည် ဟု နီးစပ်သူများက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်သားလင်းထွဋ်မှာ ထွက်ပြေးသွားပြီး ဖေဖေါ်ဝါရီလ ၉ ရက်နေ့၊ ညပိုင်းအထိ လွတ်မြောက်လျက်ရှိရာ စစ်ကောင်စီ စစ်တပ်ဖွဲ့ဝင်များက သက္ကယ်သောင်ကျေးရွာ၊ အုန်းချောင်းကျေးရွာအနီး တစ်ဝိုက်နှင့် ထိပ်စွန်းဒေသ တစ်ဝိုက်ကို ပိတ်ဆို့ကာ တောနင်း ရှာဖွေလျက်ရှိသည်ဟု ဒေသခံများက ပြော သည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက “အဲ့တပ်က ကောင်တွေက ခပ်ဆိုးဆိုးတွေပါ။ ရွာဘက် စစ် ကြောင်း ထိုးရင်လည်း ရွာသားတွေကို ဆဲဆိုတာတွေ ရိုက်နှက်တာ လုပ်ကြတယ်။ အခုလည်း ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဆဲဆိုမေးတယ်. ထွက်ပြေးနေ စစ်သားကို ဖွက်ထားရင် ပစ်သတ်မယ် ပြောတယ်” ဟု ပြော သည်။

ခလရ ၂၇၁ တပ်ရင်းကို ၁၉၉၃ ခုနှစ်ဝန်းကျင်က စတင်ကာ ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသ စိုးမိုး ရေး အတွက် ပုသိမ်မြို့၌ အခြေစိုက် ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းစမှာပင် တပ်ရင်းမှူးဖြစ်သူက အရက်မူးပြီး တာဝန်ကျ တပ်ကြပ်ကြီး တစ်ဦးကို တုတ်ဖြင့် ရိုက်သတ်မှု ဖြစ်ပွားခဲ့ဘူးသည်ဟု ယင်းတပ်အတွင်း တာဝန်ကျဘူးသည့် တပ်ဖွဲ့ဝင်အချို့က ပြောသည်။

အဆိုပါ တပ်ရင်းမှ တပ်ခွဲများသည် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်နှင့် ငပုတောမြို့ အတွင်းရှိ အမြောက်တပ် စခန်း များရှိသည့် ချောင်းသာ၊ ရွှေသောင်ယံရှိ တပင်မော်စခန်း၊ ငပုတောမြို့နယ်အတွင်းရှိ အုန်းချောင်း ထိပ်စွန်း စခန်း နှင့် လိပ်ကျွန်းစခန်းတို့၏ လုံခြုံရေးအတွက် ဖြစ်သည်ဟု တပ်တွင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။