ထောင်ဝင်စာပိတ်ထားချိန် ပုသိမ် အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသားများ အိမ်များထိ ငွေလာတောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

ရက်အကန့်အသတ် မရှိ ထောင်ဝင်စာပို့ခွင့် ပိတ်ပင်ထားသည့် ပုသိမ်အကျဉ်းထောင်မှ ဝန်ထမ်းများက နိုင်ငံရေး အကျဉ်းသားများနှင့် အခြား အကျဉ်းသားများ၏ မိသားစုဝင်များအား အိမ်အထိလာပြီး လိမ်လည်ငွေညှစ် တောင်းယူမှုများ ရှိနေသည်ဟု မိသားစုဝင်များက ပြောသည်။

ထောင်မှူးအဆင့်မှ အောက်ခြေ အမှုထမ်း ရဲဘော်အဆင့်အထိ ထောင်ဝန်ထမ်းများက ထောင်ကျအကျဉ်းသား များ အလုပ်ကြမ်း မလုပ်ရရေး၊ ထောင်မပြောင်းရွေ့ရရေး၊ ကျန်းမာရေး၊ အစားအစာနှင့် နေရာထိုင်ခင်း အဆင် ပြေစေရေး စသည့် အကြောင်းပြချက် အမျိုးမျိုးအတွက် ထောင်ညွှန်မှူး၊ ထောင်ပိုင်များအား ငွေပေးရမည်ဟု ဆိုကာ လိမ်လည် ငွေညှစ် တောင်းယူနေကြခြင်း ဖြစ်သည်။

အကျဉ်းသား၏ မိခင်တစ်ဦးက “ထောင်ဝင်စာ ပိတ်လိုက်တာ တစ်လကျော်နေပြီ။ ထောင်ကျနေတဲ့သားနဲ့ က အ ဆက်အသွယ် ပြတ်ကုန်တယ်။ အထဲက သားလေး ဘယ်လို ဖြစ်နေတယ် မသိတော့ပါဘူး။ အဲ့ဒါကို အခွင့် ကောင်းယူပြီး ဖုန်းနဲ့ရော လူကိုယ်တိုင် အိမ်လာပြီးတော့ရော ငွေလိမ်တောင်းတာ ခံရတယ်” ဟု ပြောသည်။

ထောင်ဝင်စာ မှတ်တမ်းတွင်ရှိသည့် ထောင်ဝင်စာလာပို့သော မိသားစုဝင်များ၏ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်း နံပါတ်များမှ တစ်ဆင့် ဆက်သွယ်ကာ ပုသိမ်အကျဉ်းထောင် ဝန်ထမ်းများက ထောင်ကျ အကျဉ်းသားများ၏ မိသားစုဝင်များထံက လိမ်လည်ငွေညှစ်နေခြင်း ဖြစ်သည်ဟု အဆိုပါ အကျဉ်းသားမိခင်က ဆက်ပြောသည်။

လိမ်လည်တောင်းယူသည့် ငွေပမာဏမှာ ကျပ် ၃သိန်းမှ ကျပ် ၁၀သိန်းကျော်အထိ ဖုန်းဆက်၍ သော်လည်း ကောင်း၊ လူကိုယ်တိုင်လာယူ၍ သော်လည်းကောင်း WAVE MONEY မှ သော်လည်းကောင်း ငွေပေးငွေယူ လုပ်ရ သည်ဟု နိုင်ကျဉ်းများ၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သော ဇန္နဝါလအတွင်းက ပုသိမ်အကျဉ်းထောင် ဝန်ထမ်း တပ်ကြပ်ကြီး အဆင့်ရှိ ထောင်တွင်း၌ နာမည် ပြောင် ဇော်မဲလုံးဟု အခေါ်ခံရသူက နိုင်ကျဉ်းများအား ထောင်ပြောင်းရွှေ့မှု မပါရေးအတွက် ညွှန်မှူးနှင့် ထောင်အရာရှိများထံ ငွေပေးရမည်ဟု အကြောင်းပြ၍ တစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် နိုင်ကျဉ်း ၂၅ ဦး၏ မိသားစုများထံမှ ငွေညှစ်တောင်း ယူခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

အလားတူ အခြား ထောင်ကျ နိုင်ကျဉ်းများနှင့် အခြားပြစ်မှုဖြင့် ထောင်ကျနေသည့် အကျဉ်းသားများ၏ မိသားစု ဝင်များထံမှလည်း ထောင်ဝန်ထမ်းများ သာမက အဆိုပါ ဝန်ထမ်းများ၏ ဇနီးဖြစ်သူတို့ကလည်း လိမ်လည် ငွေ ညှစ်တောင်းယူမှုများ လုပ်သည်ဟု ဆိုသည်။

လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်သူ အကျဉ်းသား တစ်ဦးက “ငွေညှစ်ခံရတာ ထောင်ကျနေတဲ့ အကျဉ်းသားရဲ့ မိသားစု ဝင်တွေ များတယ်။ အထဲနဲ့က အဆက်အသွယ် မရ ထောင်ဝင်စာလည်း ပို့မရဆိုတော့ အပြင်က မိသားစုတွေက စိုးရိမ်စိတ်နဲ့ တကယ်ထင်ပြီး ပေးလိုက်ကြရတယ်။ တချို့ မပြေလည်တဲ့ သူတွေလည်း တောင်းပန်ပြီး ချေးငှား ရှာကြံ ညှိနှိုင်းပေးကြရတယ်” ဟု ပြောသည်။

ပုသိမ်ထောင်တွင် ဇန္နဝါရီလ ၅ ရက်နေ့က နိုင်ကျဉ်း ကိုဝင်းထွန်းနိုင် အပါအဝင် ၈ ဦးကို ညဖက်တွင် ခေါ် ထုတ် ကာ နှိပ်စက် ညှင်းပန်းခဲ့ခြင်းကြောင့် အကျဉ်းသား အခွင့်အရေးနှင့် ပတ်သက်၍ ဆန္ဒပြမှု ဖြစ်ပွားရာ စစ်ကောင်စီ နှင့် ထောင်အာဏာပိုင်အဖွဲ့က ထောင်တွင်း အကြမ်းဖက် ဖြိုခွင်းပြီးနောက် ထောင်ဝင်စာပို့ခွင့်ကို ရက်အကန် အ သတ် မရှိ ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ပုသိမ်ထောင်တွင်း အကြမ်းဖက် ဖြိုခွင်းမှုတွင် ဆန္ဒပြ အကျဉ်းသား ၇၂ ဦးကို ဖမ်းဆီးချုပ်နှောင် နေလှန်း ရိုက်နှက်ခံရသည့်အတွက် နိုင်ကျဉ်း ကိုဝေယံဖြိုးမှာ ရိုက်နှက်ခံရသည့် နေရာ၌ပင် သေဆုံးခဲ့ပြီး အခြား သူများက အပြင်းထန်ဒဏ်ရာများရရှိကာ အကျဉ်းထောင်စည်းကမ်း ဥပဒေ ပုဒ်မ ၄၂ ဖြင့် အရေးယူခံခဲ့ရသည်။