KNU တပ်မဟာ ၄ တွင် ပျောက်ဆုံးသွားသည်ဆိုသည့် PDF ၃၀ နှင့် အဆက်အသွယ်ပြန်ရပြီဟု ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

ပျောက်ဆုံးနေသည့် PDF ရဲဘော် အယောက် ၃ဝ နှင့် အဆက်အသွယ် ပြန်ရပြီဟု ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာ ဝန်ရှိသူများက ပြောသည်။

ထိုင်းနယ်စပ်ဒေသသို့ လက်နက်ခဲယမ်း သယ်ယူရန် ခရီးထွက်သွားသည့် PDF ရဲဘော် ၃၀ ဦးနှင့် အဆက်အသွယ် ပြန်လည်ရရှိပြီဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး TYC – PDF တပ်ဖွဲ့၊ ဒေါင်းမင်းစစ်ဆင်ရေး တာဝန်ရှိသူများ က ပြောသည်။

“သွားတဲ့ လမ်းကြောင်းမှာက ဖုန်းလိုင်း မမိဘူးဆိုတော့ အဆက်အသွယ်ပြတ်သွားတာပါ။ နယ်စပ်ကိုရောက်မှ ဖုန်းလိုင်းက ပြန်မိတယ်။ အားလုံးအဆင်ပြေကြပါတယ်” ဟု TYC – PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

လက်နက်ခဲယမ်းသယ်ယူရန် KNU တပ်မဟာ ၄ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ ကူညီပေးမှုဖြင့် နယ်စပ်သို့ ခရီး ထွက်သွားချိန် လမ်းခရီး၌ လဝက်နီးပါးကြာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ခရီးသွားရဲဘော်များနှင့် မိခင်တပ်ရင်းတို့ အဆက်အသွယ်များ ပြန်လည်ရရှိပြီ ဖြစ်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယခင်ကလည်း လက်နက်ခဲယမ်းသယ်ယူရန် မကြာခဏ သွားလာလေ့ရှိခဲ့ဘူးသော်လည်း ယခုကဲ့သို့ အဆက်
အသွယ်ပြတ်တောက်ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဘူးဟု တာဝန်ရှိသူများက ပြောသည်။

အဆက်အသွယ် မရသည့် အချိန်ကာလအတွင်း ခရီးသွားရဲဘော်များအား KNU တပ်မဟာ ၄ မှ လိမ်လည် ခေါ် ဆောင်သွားပြီး ပြန်ပေးဆွဲထားသည့်သဖွယ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများ၌ ဇန်နဝါရီလ ၂၈ ရက်နေ့ က ရေးသားဖေါ်ပြမှုများ ရှိခဲ့သည်။

ထို့အပြင် ဖုန်းများကိုလည်း သိမ်းဆည်းထားသဖြင့် ဆက်သွယ်ရန် ခက်ခဲနေပြီး ဖုန်းအသုံးပြုသူများမှာ ရိုက်
နှက်ခံရမှုများပင် ရှိနေကြောင်း ဝါဒဖြန့် ရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာ၌ တက်လာ သည့် အချက်အလက်များအရ KNU တပ်မဟာ ၄ ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

လူမှုကွန်ရက် စာမျက်နှာများနှင့် မီဒီယာများပေါ်တွင် သတင်းပြန့်နှံ့လျက်ရှိသော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ TYC-PDF ၏ ခရီးသွားရဲဘော်များ ပျောက်ဆုံးနေကြသည် ဆိုသည့် သတင်းများကြောင့် မိခင်တပ်ရင်း၊ မိဘပြည်သူ များနှင့် တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်များ အနေဖြင့် စိုးရိမ်ပူပန်ခဲ့ကြရကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြ ထားသည်။

ဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုဖြင့် သတင်းမေးမြန်းလာခဲ့ကြသော မိဘပြည်သူများနှင့် တော်လှန်ရေးလုပ်ဖော်
ကိုင်ဖက် ရဲဘော်ရဲဘက်များအား ကျေးဇူးအထူးတင်ရှိပါကြောင်းကိုလည်း ရေးသားထားသည်။

ယခုအခါ ရဲဘော်များအနေဖြင့် ဘေးကင်းလုံခြုံသော နေရာအသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိခင်တပ် ရင်းထံသို့ သတင်းပေးပို့လာပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။