စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်းကို ခြုံခို တိုက်ခိုက်ဟု ကျားကွန်မန်ဒိုအဖွဲ့ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

တနင်္သာရီတွင် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ကျားကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ရှိသူများ က ပြောသည်။

ရိက္ခာပို့ရာမှ ပြန်လာသည့် ကား ၅ စီးပါ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ကျားကွန်မန်ဒိုတပ်ဖွဲ့ KTLA – TCJF က စောင့်ကြို၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦး က ပြောသည်။

တိုက်ပွဲတွင် ဦးဆောင်ခဲ့သူက “အဲဒီယာဉ်တန်းက လေးကေ့ကော် စခန်းကို ရိက္ခာပို့ပြီး အပြန်လို့ သိရတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာက ရွာနဲ့ အလှမ်းဝေးလို့ ရွာသားတွေ ထိခိုက်မှုမရှိပါဘူး” ဟု ပြောသည်။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် တနင်္သာရီမြို့နယ်၊ တမွတ်ချုံကျေးရွာအုပ်စု ကြိမ်ချောင်း ကျေးရွာဘက်မှ မောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့် ပါဝင်သော ယာဉ်တန်း ၅ စီးကို KTAL – TCJF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KTAL – TCJF တပ်ဖွဲ့က အဆိုပါစစ်ကြောင်းကို ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ရေဖြူကျေးရွာအနီး မောတောင် – ကော့သောင်း လမ်းဆုံ အရောက်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် စက်လက်များ အသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်ခန့်အကြာ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး KTLA-TCJF တပ်ဖွဲ့ဝင် များ ထိခိုက်ကျဆုံးမှု တစုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အဆိုပါ တိုက်ပွဲတွင် ဦးဆောင်ခဲ့သူက ဆိုသည်။

စစ်ကောင်စီမှ တနင်္သာရီတိုင်းအတွင်း တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ် အုပ် ချုပ်ရေး ကြေညာထားပြီးနောက် တနင်္သာရီမြို့နယ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

ထို့အပြင် မြိတ်ခရိုင်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာ အရှေ့ ကမ်း၊ အနောက်ကမ်းနှင့် မော်တုံး အနောက်ကမ်းကျေးရွာများသို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကတည်းက
စစ်ကောင်စီမှ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိနေရာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဒေသခံများလည်း ထွက် ပြေးတိမ်းရှောင်နေကြသည်။