စမ်းသပ်စဉ် လက်လုပ်မိုင်း ပေါက်ကွဲ၊ PDF တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

လက်လုပ်မိုင်း စမ်းသပ်စဉ် ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အောက် မိုးဗြဲ PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် လက်လုပ်မိုင်း စမ်းသပ်နေစဉ် ပေါက် ကွဲမှု ဖြစ်ပွားခဲ့ပြီး PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မိုးဗြဲ PDF တာဝန်ရှိသူများက ပြောသည်။

မိုးဗြဲ PDF ဆေးအဖွဲ့ (MPRT) ၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “မိုင်းစမ်းနေရင်းနဲ့ Gas ပေါက်သွားတာ ပေါ့နော်။ အဲဒီမှာ သူဒဏ်ရာ ၂ ခု ရတယ်။ နဖူးနဲ့ လက်မောင်းပေါ့။ နဖူးက ဒဏ်ရာ အရမ်းမပြင်းဘူး။ ဒါပေ မယ့် အဓိက သွေးကြောထိသွားတော့ သွေးထွက်လွန်ပြီး ရောက်လာတာပေါ့။ ရောက်လာတော့ ကျနော်တို့ အတတ်နိုင်ဆုံး Victim Control လုပ်ပြီး ထိန်းလိုက်နိုင်တယ်ပေါ့” ဟု ပြောသည်။

မိုးဗြဲ PDF တပ်ရင်း ၁ မှ အသက် ၁၇ နှစ်အရွယ် ရဲဘော်သည် ယခင်တပတ်အတွင်းက ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းမှာ အသက်အန္တရာယ် စိုးရိမ်ရရသည့် အခြေအနေ မဟုတ်တော့သော်လည်း သွေးထွက်လွန် ခြင်းကြောင့် သွေးသွင်းနေရဆဲ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ယခုကဲသို့ လက်လုပ်မိုင်း စမ်းသပ်စဉ် မတော်တဆ ပေါက်ကွဲမှုမှာ မိုးဗြဲ PDF အနေဖြင့် ပထမဆုံးအကြိမ် ဖြစ် သည်ဟု ဆိုသည်။

မိုးဗြဲ PDF တပ်ရင်း ၁ တွင် တပ်ဖွဲ့ခွဲ ၄ ခုဖြင့် ဖွဲ့စည်းထားပြီး ဆေးပစ္စည်းများကို ဝေမျှသုံးစွဲနေရသောကြောင့် ဆေးဝါးမလုံလောက်မှုများ ရှိနေသည်ဖြစ်ရာ ဆေးပစ္စည်းဖိုးများလည်း အကြွေးတင်နေသည်ဟု မိုးဗြဲ PDF ဆေး အဖွဲ့ (MPRT) ၏ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် ဆေးအလှူရှင် နည်းပါးလာခြင်းနှင့် ဆေးပစ္စည်းသယ်ယူသည့် လမ်းကြောင်းများတွင်လည်း စစ်ကောင် စီတပ်များ၏ အခြေအနေကို စောင်ကြည့်၍ သယ်ယူရခြင်းတို့ကြောင့် နှောင့်နှေးကြန့်ကြာမှုများလည်း ရှိနေသည် ဟု တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆေးပစ္စည်းများ ကူညီပေးကြရန် မိုးဗြဲ PDF ဆေးအဖွဲ့မှ တာဝန်ရှိသူများက တောင်းဆိုထားသည်။

မိုးဗြဲ PDF ဆေးအဖွဲ့သည် ကျန်းမာရေး CDM ဝန်ထမ်းများဖြင့်သာ ဖွဲ့စည်းထားပြီး လက်ရှိတွင် နေမကောင်း ဖျား နာခြင်းနှင့် အသေးစား အကြီးစား ထိခိုက်ဒဏ်ရာရထားသည့် ရဲဘော် ၂၀ ဦးကို ဆေးကုသမှုများ ပေးနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း Mobye PDF Rescue Team (မိုးဗြဲဆေးအဖွဲ့) သည် PDF ရဲဘော် များနှင့်အတူ စစ်မြေပြင်တွင် အတူရှိနေကာ ထိခိုက်ဒဏ်ရာရ ရဲဘော်များကို ကူညီ ကယ်ဆယ်မှုများ၊ ဆေးကုသ ပေးမှုများ လုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။