စစ်ကောင်စီ လက်နက်ကြီးကြောင့် သံဃာတော် ၂ ပါး၊ ကိုရင် ၁ ပါး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

ကရင်အမျိုးသားအစည်းအရုံး KNU-သထုံခရိုင်၊ သထုံမြို့နယ် မိချောင်းအိုင်ကျေးရွာတွင် စစ်ကောင်စီ အမှတ် (၉) အမြောက်တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် နှစ်ပါးနှင့် ကိုရင်တစ်ပါး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ အမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ အနက် လက်နက်ကြီးကျည် တစ် လုံးသည် မိကျောင်းအိုင်ရွာ ဘုန်းကြီးကျောင်းသိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၉) အမြောက်တပ်ရင်းမှ စနေနေ့ ည ၈ နာရီခွဲ အချိန်ခန့်က ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး (၁၂၀ မမ) ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNU – သထုံခရိုင်က ထုတ်ပြန်ထားသည်။

KNU – သထုံခရိုင်အတွင်းက ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ရင်းတွေက ဘာတိုက်ပွဲမှမရှိပဲ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်။ ရွာတွေထဲကျရင် လူထိ သေသွားတာလဲရှိတယ်။ ဒဏ်ရာရ တာတွေလည်း ရှိတယ်။ အိမ်ပေါ်ကျပြီး အိမ်တွေ ပျက်စီးသွားတာလည်း ရှိတယ်။ ဒီလိုဖြစ်စဥ်မျိုးတွေက မကြာခဏ ဖြစ်ပွားနေတယ်” ဟု ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် သက်တော် ၅၆ နှစ်အရွယ်ရှိ ဦးသောမနနှစ်၊ သက်တော် ၇၁ နှစ်ရှိ ဦးပဏ္ဍိတတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် သိမ်အဆောက် အဦ အချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ခမရ-၉ နှင့် ခမရ-၃၁၄ တပ်ရင်းတို့မှ ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်တွင်းရှိ ကျေးရွာများ ထဲသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်။

စစ်ကောင်စီတပ်ရင်းများမှ ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာနေပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေကြရပြီး ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသူများလည်း ရှိနေသည်။

အလားတူ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင် စီ အမြှောက်တပ်ရင်း ၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင်လေးတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်း တစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။