ဧရာဝတီတိုင်းတွင် ဆန်၊ စပါးဈေးများ စံချိန်တင် မြင့်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

နိုင်ငံ၏စပါးကျီဟု တင်စားကြသည့် ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ မြောင်းမြ၊ ဖျာပုံမြို့များတွင် စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းများ တဟုန်ထိုး စံချိန်တင် မြင့်တက်နေသည်ဟု ဆန်စပါးကုန်သည်များက ပြောသည်။

ဇန္နဝါရီလ နောက်ဆုံးပတ်အတွင်းက မနှောသုခ၊ ရေဆင်း၊ ပခန်း၊ ရွှေသွယ်စသည့် ကောက်ကြမ်း စပါးဈေးတင်း တစ်ရာကို ကျပ် ၁၃ သိန်းရှိနေရာမှ လက်ရှိတွင် ကျပ် ၁၇ သိန်းအထိ မြင့်တက်လာပြီး၊ ပေါ်ဆန်းရင်နှင့် တောင် ပြန်(ငကျွဲ) အပါအဝင် ပေါ်ဆန်းအုပ်စုဖြစ်သည့် ကောက်ချော စပါးဈေးမှာ တင်းတစ်ရာလျှင် ကျပ် ၂၁ သိန်းရှိနေရာမှ ကျပ် ၂၅ သိန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

အသက် ၆၅ နှစ်ရှိ ဆန်စပါး ပွဲစားတစ်ဦးက “ ဒီလို အဆမတန် ဈေးခုန်တက်တာမျိုး မကြုံဘူးခဲ့ဘူး။ အတက် ကြမ်းလွန်းတယ်။ ပွဲစားတွေ ကုန်သည်တွေ အနေနဲ့ တက်ဈေးကျဈေး ကြမ်းတာ မကြိုက်ဘူး။ ပုံမှန်လေးပဲ ကြိုက်တယ်။ အခုတော့ စပါးဈေးတက်တော့ ဆန်ဈေးလည်း တက်တော့တာပေါ့။ မကြုံစဘူး တက်တာ ဆိုး လွန်းတယ်” ဟု ပြောသည်။

စပါးဈေး မြင့်တက်လာသဖြင့် ဆန်ဈေးများလည်း မြင့်တက်လာကာ တောင်ပြန်၊ ဧရာဝတီ ပေါ်ဆန်း နှင့် ဖျာပုံ ပေါ်ဆန်း ၂၄ ပြည်ဝင် တစ်အိတ် ၈၄၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၁သိန်း ၂သောင်းကျော် ဖြစ်ပြီး ရေဆင်း၊ ရက် ၉၀၊ မနှောသုခ ဆန်များမှာ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ၅၅၆၀၀ ကျပ်၊ ပခန်း၊ ရွှေသွယ်တစ်အိတ် ၆၃၄၀၀ ကျပ်အထိ မြင့်တက်လာသည်ဟု ဆန်ကုန်သည်များက ပြောသည်။

ဓါတ်မြေဩဇာ ပိုးသတ်ဆေး စက်သုံးဆီ သယ်ယူပို့ဆောင် စရိတ်စသည့် သွင်းအားစု စိုက်ပျိုးစရိတ်များ မြင့် တက်လာသည့်အပြင် စစ်ကောင်စီနှင့် ခရိုနီများက တောင်သူများ၏ ထွက်ရှိစပါး ၆၅ ရာခိုင်နှုန်းကို အတင်း အကြပ် ဈေးနှိမ် ဝယ်ထားပြီး လူထုကို ပြန်ထုတ် ရောင်းမပေးဘဲ သိုလှောင်ထားခြင်းကြောင့် ဆန်စပါးဈေးနှုန်း တဟုန်ထိုး စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက စစ်ကောင်စီ နှင့် ခရိုနီများ ပေါင်းပြီး သဘာဝဘေးနှင့် အခြား ကြပ်တည်းမှု များ ဖြေရှင်းရန်ဆိုသည့် ခေါင်းစဉ်ဖြင့် အရံဆန် လိုအပ်သည်ဟု ဆိုကာ တောင်သူများ၏ ထွက်ရှိ စပါးမှ ၆၅ ရာ ခိုင်နှုန်းအား တင်းတရာလျှင် ၅၈၀၀၀၀ (၅သိန်း ၈သောင်း) ကျပ်ဖြင့် အတင်းအကြပ် ဖိအားပေး ဈေးနှိမ်ဝယ်ယူ ခဲ့ကြသည်။

မြောင်းမြဒေသခံ တောင်သူတစ်ဦးက “အဓိက ကတော့ အတင်းအကြပ် ဈေးနှိမ်ယူထားတဲ့ အရံဆန်ဆိုတာကို သင့်တင့်တဲ့ ဈေးနဲ့ ပြန်ရောင်း မပေးတော့ ဈေးကွက်ထဲ ဆန်ပြတ်လာတယ်။ ဝယ်လိုအားက စွတ်လိုက်လာ တယ်။ ရောင်းစရာက မရှိဘူးလေ။ ဈေးတက်တာပေါ့။ အဲတော့ လယ်သမားကလည်း နောက်တစ်ရာသီ စိုက်ဖို့ ဝမ်းစာ အတွက် ချန်ထားပြီး ပိုလျှံတာကို ဈေးတင်ရောင်းကြတာပေါ့” ဟု ပြောသည်။

စပါးဈေး မြင့်တက်လာသော်လည်း တောင်သူများ၏ ကျန်စပါး ၃၅ ရာခိုင်နှုန်းကိုသာ ကာလပေါက်ဈေးဖြင့် ကုန် သည်ထံ ရောင်းနိုင်ကြောင်း စစ်ကောင်စီက ကန့်သတ်လိုက်သဖြင့် တောင်သူများအတွက် အကျိုးမရှိ ဖြစ်နေရ သည်ဟု ဒေသခံ တောင်သူများထံ ကသိရသည်။

ဆန် အပြင် ဆီ၊ ကြက်သွန်၊ အာလူး အပါအဝင် မီးဖိုချောင် သုံးပစ္စည်းများ ကုန်ဈေးနှုန်းမြင့် တက်လာခြင်း၊ အကျဉ်းထောင်များမှ ခိုးဆိုးလုနှိုက်မှုများဖြင့် ထောင်ကျနေသူများ လွတ်ငြိမ်းခွင့် အများအပြားရနေခြင်း၊ အလုပ် လက်မဲ့များလာခြင်း အပြင် စစ်ကောင်စီ၏ အခွန်အခ တိုးမြင့်ကောက်ခံခြင်းတို့ကြောင့် ဧရာဝတီတိုင်းရှိ ဒေသ အများစုတွင် ဆန်တောင်းပွဲ၊ ဆန်လုပွဲနှင့် ခိုးမှု၊ လုယက်မှု၊ ဓါးပြမှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု ရဲဝန်ထမ်း ဟောင်း အချို့က ဆိုသည်။

ဆန်တောင်းပွဲ၊ ဆန်လုပွဲဆိုသည်မှာ ဆန်နှင့် အခြား စားသောက်ကုန်များကို လူအုပ်ဖြင့် လာရောက် တောင်းယူမှု များဖြစ်သည်ဟု ဧရာဝတီတိုင်းအတွင်းနေထိုင်သူများက ပြောသည်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ဆန်တောင်းပွဲ၊ ဆန်လုပွဲများ ရှိလာခဲ့ခြင်း ဖြစ်သည်။