မန္တလေးတွင် စီသယ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက် ခံရ၊ ၂ စီးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။

မန္တလေးတွင် စစ်ကောင်စီ၏ ကား ၁၆ စီးပါ ဆီသယ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ စီး ပေါက်ကွဲ ပျက်စီး သွားသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ မန်းသံပုရာကန်သို့ ဆီဘောက်ဆာကားများဖြင့် ဒီဇယ်နှင့် ဓါတ်ဆီ တင် လာသည့် စစ်ကောင်စီ၏ ဆီသယ်ယာဉ် ၁၆ စီးပါ ယာဉ်တန်းအား တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

အောင်စည်တော်စစ်ဆင်ရေး (AST-MDY)အဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “အခု Mission (စစ်ဆင် ရေး)မှာ အဓိကကျတာတော့ Information(သတင်းအချက်အလက်) ပါပဲ။ ရာနှုန်းပြည့် စိတ်ချယုံကြည်ရတဲ့ Information တစ်ခုက ကျနော်တို့ဆီ ရောက်လာတာပေါ့။ ဒီတော့ ကျနော်တို့လည်း လုပ်နိုင်မယ်လို့ ယုံကြည် ထားတဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့တူတူ ပူးပေါင်း Mission လေး လုပ်ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အဆိုပါ ယာဉ်တန်းမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီ၏ ရှေ့တန်း အခြေ ချ ထောက်ပို့တပ် မိတ္ထီလာမြို့မှ မိတ္ထီလာ-မန္တလေးကားလမ်း (လမ်းဟောင်း)အတိုင်း တင်ဆောင်လောင်ခဲ့ရာ ကျောက်ဆည်မြို့နှင့် စဉ့်ကိုင်မြို့ကြားရှိ ပေါ်တော်မူဘုရား အနီးတစ်ဝိုက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို AST-MDY အဖွဲ့နှင့်အတူ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မန်း ခရိုင်တပ်ရင်း အမှတ် ၅၊ Myitnge People Defense Force တို့မှ အတူတကွ ဖော်ဆောင်ခဲ့ပြီး ကား ၁၆ စီး အနက် ၂ စီးမှာ ပေါက်ကွဲပျက်စီးခဲ့သည်ဟု ပြောသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်များမှာ ကားလမ်းမကြီးအား ချက်ချင်းပိတ်ချလိုက်ပြီး သွားလာနေသည့် ယာဉ်များကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ကြုံတွေ့ခဲ့ရသူများက ပြောသည်။

စစ်ကောင်စီတပ်များ၏ ထိခိုက်ကျဆုံးမှုများအား မေးမြန်းရာတွင်လည်း “ကျနော်တို့ ဖရဲသီးကတစ်ဆင့် ပြန် ကြားတာတော့ တစ်ကောင်ကျတယ်။ ဒဏ်ရာရတဲ့ အရေအတွက်က အတိအကျ မသိပေမယ့် အထိအခိုက်များ နိုင်တယ်လို့ သတင်းရထားတယ်” ဟု AST-MDY အဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

AST-MDY အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များကို ပစ်ခတ်ရှင်းလင်း နေသော မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ မဟာမိတ်များနှင့် ပူးပေါင်းစစ်ရေးဖော်ဆောင်မှုမှာ ပထမ ဆုံးအကြိမ် ဖြစ်သည်ဟု ဆက်ပြောသည်။

AST-MDY ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း ဒေသ ကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်း အရှေ့ဘက်တွင် တပ်စွဲထားသော စစ်ကောင်စီ စစ် ဆေးရေး ဂိတ်အား ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာခံ ဗိုလ် ၁ ဦးနှင့် တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ သေးသည်ဟု ဆိုသည်။