မန္တလေးမှ တရုတ်နယ်စပ် ကျင်စန်းကျော့ ကားခများ ထိုးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။
မန္တလေးမှ တရုတ်နယ်စပ် ကျင်စန်းကျော့သို့ ကုန်ပစ္စည်း တင်ပို့သည့် ကားခဈေးနှုန်းများ အဆမတန်မြင့်တက်လာ သည် ဟု နယ်စပ်ကုန်သည်များနှင့် ကုန်တင်ယာဉ်မောင်းများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့မြောက် ဒေသများသို့ ကုန်သွယ်ရာ လမ်းကြောဖြစ်သည့် မန္တလေး – ကျင်စန်း ကျော့ နယ်စပ်လမ်းကြောတွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ကာ ပစ္စည်းတင်ပို့ခ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း ဖြစ်သည်။
နယ်စပ် ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက “ကုန်တွေများပြီး ကားရှားနေတယ်။ နေရာတကာ ကားလိုနေလို့လေ။ ကားခက တက်နေတာ။ ဆန်နဲ့ ပြောင်း တင်ဖို့ ကားတောင် ရှာမရဘူး” ဟု ပြောသည်။
လမ်းကြောတစ်လျှောက်တွင် စစ်ဆေးမှုများ ယခင်ကထက် တင်းကြပ်ထားပြီး ပြည်ထောင်စုလမ်းမ တစ် လျှောက် အပြင် အနီးဝန်းကျင်တွင် တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားနေသောကြောင့် ကားခဈေးနှုန်းများ ပိုပေးနေရခြင်း ဖြစ်သည်ဟု အခြား ကုန်သည်တစ်ဦးက ပြောသည်။
ထိုလမ်းကြောတွင် မောင်းနှင်နေသော ကုန်တင်ယာဉ်မောင်း တစ်ဦးကလည်း “အခု ကားခတွေ အရမ်းတက်နေတာကော။ တစ်တန်ကို ၁ သိန်းနဲ့ ၅ ထောင်တဲ့ ဒီမနက်။ တက်သွားတဲ့ သူငယ် ချင်းတွေက ပြောတယ်။ ပုံမှန်ပဲတဲ့ သူ့ဟာနဲ့ သူတော့ အဝင်အထွက်တော့ ဒီ ၁၀၅ မိုင်လည်း ပုံမှန်ပဲတဲ့။ စဉ်းစားစရာကြီးက ကားခက ချက်ချင်းထောင် တက် သွားတာလေ” ဟု ပြောသည်။
လက်ရှိတွင် မန္တလေးမှ မူဆယ်၊ ကျင်စန်းကျော့ နယ်စပ် မြန်မာဘက်ခြမ်းတွင် ကုန်ချပါက တစ်တန်ကို ကျပ် တစ်သိန်းငါးထောင်မှ ကျပ်တစ်သိန်းတစ်သောင်း အထိ ပေါက်ဈေးရှိနေပြီး ယခင်က တစ်တန်ကို ကျပ် ကိုးသောင်း ဝန်းကျင်ခန့်သာရှိခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်၍ နယ်စပ်တွင် ရုတ်တရက် တင်ပို့ကုန်ကားခများ ထိုးတက်သွားခြင်း ဖြစ်သည်ဟု အဆိုပါ ယာဉ်မောင်းက ဆက်ပြောသည်။
ကုန်တင်ယာဉ်မောင်းက “တရုတ်ဘက် ဝမ်တိန် အထဲချခက ဘယ်လောက်ထိ ရလဲတော့ မသိဘူး။ အပြင်ချ တောင် ဒီလောက် ဈေးတက်နေတာ” ဟု ပြောသည်။
မန္တလေးမှ ကျင်စန်းကျော့ တရုတ်နယ်စပ်ဂိတ်သို့ ပဲတီစိမ်း၊ နှမ်းနှင့် ဆန် ပို့ကုန်များကို လမ်းကြော တစ်လျှောက် တွင် စစ်ဆေးမှုများနေပြီး ဆန်ကွဲမှာ တင်ပို့ရာလမ်းကြောင်းတွင် အဆင်ပြေမှုရှိသည်ဟု နယ်စပ်ကုန်သည် လုပ် ငန်းရှင်များနှင့် ကုန်တင်ယာဉ်မောင်းများက ပြောသည်။
ပုံမှန်အားဖြင့် မန္တလေးမှ ကျင်စန်းကျော့ နယ်စပ်အထိ ကုန် တစ်တန်ကို ကိုးသောင်းခန့် ရပါက အခြေအနေ ကောင်းပြီး ကုန်တင်ယာဉ်မောင်းများနှင့် ကုန်တင်ယာဉ်ပိုင်ရှင်များ အနေဖြင့် ကုန်ပစ္စည်းပါးလာပြီး ကားခများ အဆမတန် ရုတ်တရက် ပြန်ထိုးကျသွားမည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် ကုန်တင်ယာဉ်မောင်းများက ကုန်တင်ကားခဈေးနှုန်းကို ငြိမ်အောင် ထိန်းနိုင်ဖို့ လိုအပ်သည် ဟု ဆိုသည်။
မူဆယ် – ကျင်စန်းကျော့ – ဝမ်တိန် တရုတ်မြန်မာ နှစ်နိုင်ငံ ကုန်သွယ်သည့် ဂိတ်သည် နယ်စပ် တင်ပို့ကုန်များ၏ ၇၀ ရာခိုင်နှုန်းကျော်ခန့် တင်ပို့သော မြန်မာ့အရှေ့မြောက်ဒေသရှိ စီးပွားရေး တံခါးပေါက် တစ်ပေါက် ဖြစ်သည်။