တိုင်းစိုက်ပျိုးရေး ဦးစီးမှူးတစ်ဦး လာဒ်စားမှုဖြင့်စစ်ဆေးခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။
တိုင်းစိုက်ပျိုးရေး ဦးစီးမှူးတစ်ဦးကို တိုင်းအတွင်းရှိ လယ်သမားများအတွက် ခွဲတမ်းရရှိသည့် ဓါတ်မြေဩဇာ အိတ်များကို စက်ရုံထုတ်ဈေးထက် ငွေပိုမိုတောင်းခံခဲ့သည်ဟုဆိုကာ စစ်ကောင်စီက စစ်ဆေးနေသည်ဟု တိုင်းအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူ အချို့က ပြောသည်။
ဧရာဝတီတိုင်း၊ တိုင်းစိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်မောင်မြင့်သည် ဓါတ်မြေဩဇာအိတ် ငါးသောင်း ထုတ်ယူရန် အတွက် လယ်သမားများထံမှ ငွေကျပ် သိန်း ၁၅၀ ကျော် ပိုမိုတောင်းခဲ့သဖြင့် ဌာနတွင်းခုံရုံးဖွဲ့၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ စစ်ဆေးခံရသည်ဟု တိုင်းစိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တိုင်းအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ယူရီးယား (MPE ဆေးအိပ်အဖြူ) တစ်အိတ်ကို စက်ရုံ ထုတ်ဈေး ထက် ငွေ ၃၀၀ ကျပ် လယ်သမားတွေဆီက ပိုတောင်းတာ။ နောက်တစ်မြို့နယ်ကို လယ်သမားတွေအတွက် ရတဲ့ ခွဲတမ်းထဲက သူ့ကိုအိတ် ၅၀ သပ်သပ် ပေးရသေးတယ်။ လယ်သမားတွေက တိုင်တာမဟုတ်ဘူး။ ဌာနတွင်းက တိုင်တာ” ဟု ပြောသည်။
တိုင်းစိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်မောင်မြင့်အတွက် တစ်မြို့နယ်လျှင် အိတ် ၅၀ နှုန်းနှင့် ဓာတ်မြေဩဇာအိတ်ပေါင်း ၁၈၀၀ ကျော်ကို ရရှိအောင် လုပ်ဆောင်ပေးသည့် ငွေဆောင်မြို့မှ ဦးစီမှူး ဦးလှိုင်မျိုးသန့်ပါ စစ်ဆေးခံနေရသည် ဟု စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းအချို့က ပြောသည်။
အသက် ၆၀ ကျော် လယ်သမားတစ်ဦးက “ကျုပ်တို့ကတော့ တစ်အိတ် ၃၀၀ ပိုတောင်းလည်း ပေးလိုက်တာပဲ။ ခေတ်အဆက်ဆက်လည်း ဝန်ထမ်းတွေက ဒီလိုပဲလုပ်နေကျလေ။ ဟိုတိုင်ဒီတိုင်လည်း မလုပ်ချင်ပါဘူး။ ရုံးရောက် ဂတ်ရောက် ရှုပ်ရှုပ်ယှက်ယှက်” ဟု ပြောသည်။
ယူရီးယား (MPE ဆေးအိတ်အဖြူ) တစ်အိတ်၏ အမြတ်ငွေသည် သုံးသောင်းကျော်ခန့် ရှိကြောင်း အိတ်ပေါင်း ၁၈၀၀ ကျော်ဆိုပါ ကျပ်သိန်းပေါင်း ၅၅၀ ခန့် ရှိနိုင်သည်ဟု ဓါတ်မြေဩဇာ ရောင်း၀ယ်ရေး လုပ်ငန်းရှင်တစ်ဦး က ပြောသည်။
“အခုကိစ္စက ပေါင်းမစားပဲ တစ်ယောက်ထဲ သိန်း ၇၀၀ ကျော်လောက်ကို အဝစားလိုက်တော့ ဓာတ်သိချင်း မကျေမနပ်ဖြစ်ပြီး တိုင်ကြ တောကြတာ” ဟု စိုက်ပျိုးရေးဌနနှင့်နီးစပ်သူတစ်ချို့ကပြောသည်။
ဧရာ၀တီတိုင်းအတွင်းမှ တောင်သူလယ်သမားများကို ၂၀၂၂/၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီအတွက် အသုံးပြုနိုင်ရန် ပထမ ၆ လပတ်အဖြစ် ကန်ကြီးထောင့်မြို့နယ်ရှိ ဓာတ်မြေ ဩဇာစက်ရုံမှ ထုတ်လုပ်သည့် ယူရီးယား (MPE ဆေးအိတ်အဖြူ) အိတ် ၅ သောင်းကို ထုတ်ယူခွင့်ပြုထားခြင်း ဖြစ်သည်။