ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အစပ်တွင် အရပ်သား ၁၄ ဦးကို စစ်ကောင်စီ ဖမ်းထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။

စစ်ကိုင်းနှင့် ကချင်အစပ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း ဝင်ရောက်လာပြီးနောက် မီးရှို့ဖျက်ဆီးမှုများရှိ နေသည့်အပြင် ဒေသခံပြည်သူ ၁၄ ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

ထီးချိုင့်မှ ကသာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကလုံ ကျေးရွာက တဲ ၆ လုံးကို မီးရှို့သွားသည်ဟု ဒေသခံများ က ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “ကလုံရဲ့အောက်က သာဂရရွာကို သွားနေတာ။ သွားတာတော့ သာဂရရွာကို သွားတာပဲ၊ မနက်နဲ့ ညတုန်းက ရှို့ တာ ဘယ်နှစ်လုံးလဲဆိုတော့ ၆ လုံးရှို့တယ်။ ဒီနေ့မနက်က တစ်လုံးရှို့တယ်တဲ့” ဟု ပြောသည်။

ကလုံကျေးရွာထဲရှိ တဲများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထီးချိုင့်မြို့နယ် နတ်အင်းမှ အရှေ့ဖက်ကမ်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော စစ်ကြောင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်မှစ၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းအချိန်ထိ ကလုံကျေးရွာအား မီးရှို့ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခြင်းများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ရွာသား ၁၄ ဦးခန့်ကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံပြည်သူများအား ဓားစာခံလုပ်ကာ လမ်းကြောင်းဖွင့်ပေးဖို့ တောင်းဆိုမှုများ ပြုလုပ်နေသည်ဟုလည်း ရွာသားများက ပြောသည်။

ဒေသခံတစ်ဦးက “ကျနော်တို့ ကလုံမှာတော့ စစ်တပ်ကလူတွေကို ပို့ချင်လို့၊ ပြောတာက လူနာလို့လည်း ပြော တယ်။ အဲ့ဒါ လမ်းတောင်းတယ်တဲ့။ ဒီဘက်ကလည်း ပြန်ပြောတာက တစ်တပ်လုံးထွက်မလား ထွက်မယ် ဆိုရင် ဖွင့်ပေးမယ် ထွက်ပေါ့နော်။ အဲ့လိုပြောတော့လည်း တစ်တပ်လုံးထွက်ဖို့တော့ မဖြစ်နိုင်ဘူးတဲ့။ ကျန်တဲ့ လူတွေ ကနေခဲ့ပြီး ဖမ်းတာပြုတာ၊ မီးရှို့တာ ဆက်လုပ်မယ်ပေါ့။ ဒီဘက်ကပြန်ပြောတာလည်း ဒါဆိုရင်တော့ မင်းတို့ ဒီလို သာလုပ်မယ်ဆိုရင် ငါ့တို့လည်း ဖွင့်မပေးနိုင်ဘူးပေါ့။ ထိပ်တိုက်တွေ့ရင်လည်း ပစ်မှာပဲ။ တိုက်မှာပဲ။ အဲ့လို ပြောကြတာ။ အဲ့တော့ အခုက ရွာသား ၁၄-၁၅ ယောက်လောက်ကို ဖမ်းထားတာဗျ။ ကလုံကရွာသားတွေလည်း ပါတယ်” ဟု ပြောသည်။

ကလုံကျေးရွာသားများအပါအဝင် အခြားရွာသား စုစုပေါင်း ၁၄ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးထားပြီး လမ်းပြန် ဖွင့်ပေးမှသာ အဆိုပါရွာသားများကို ပြန်လွှတ်ပေးမည်ဟု ပြောဆိုလာသည်ဟု ဆိုသည်။

ကသာမြို့နယ် ကလုံကျေးရွာ ဘုန်းကြီးကျောင်းတွင်း၊ ကလုံနှင့် လေဘိုကျေးရွာကြားက အုန်းတောကျေးရွာတို့ တွင် စစ်ကောင်စီတပ်ဖွဲ့များက ကင်းပုန်း၀တ်နေပြီး ကလုံရွာပြည်သူများကို အိမ်များတွင် မီးထွန်းထားရန် မီးမထွန်းသည့် အိမ်များကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်နေသည်ဟုလည်း ရွာသားများက ပြောသည်။

ယခုစစ်ကောင်စီတပ် စစ်ကြောင်းမှာ ထီးချိုင့်ဘက်မှ ကသာဘက်သို့ ဝင်လာပြီး ကလုံကျေးရွာ၊ သာဂရကျေးရွာ၊ အုန်းတော၊ လေဘိုကျေးရွာများ ဘက်သို့ သွားလိုက်ပြန်လိုက်လုပ်နေသည့် စစ်ကြောင်း ဖြစ်သည်။ ထို့ကြောင့် အချို့ ဒေသခံများကလည်း ၎င်းတို့၏ ကျေးရွာများသို့ မပြန်ရဲကြသေးဘဲ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေကြရ သည်ဟု ဆိုသည်။

စစ်ကိုင်းနှင့် ကချင်အစပ်တလျှောက်တွင် ဖေဖော်ဝါရီလ ပထမပတ်ထဲကစတင်၍ ယနေ့ တတိယပတ် အချိန်ထိ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလှုပ်ရှားနေပြီး တစ်ရွာဝင်တစ်ရွာထွက် နေအိမ်များကို မီးရှို့ခြင်း၊ ရွာသား များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်နေသည့်အတွက် လူထုကလည်း စစ်ကြောင်းမြင်သည် နှင့် ဘေးလွှတ်မည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။