တာချီလိတ်တွင် အိမ်ငှားခများ ၂ ဆနီးပါးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အိမ်ခန်းငှားခများ ယခင်ထက် ၂ ဆနီးပါး ဈေးနှုန်း မြင့်တက်လာ သည်ဟု မြို့ခံပြည်သူများက ပြောသည်။

အဆိုပါ အိမ်ခန်းများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ဝန်းကျင် COVID – 19 ကာလမှစတင်၍ ရွှေ့ပြောင်းလုပ်သားများ အဆမတန် တိုးပွားလာမှုကြောင့် ငှားရမ်းခ တရိပ်ရိပ် ဈေးမြင့်တက်လာပြီး ယခု ၂၀၂၃ ခုနှစ်တွင် တစ်ဖက်ကမ်း ထိုင်းနိုင်ငံရှိ မယ်ဆိုင်မြို့၏ အိမ်းခန်းငှားခနှုန်းထက်ပင် ၂ ဆ မြှင့်တက်နေသည်ဟု မြို့ခံပြည်သူများက ပြော သည်။၊

တာချီလိတ်မြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက “တံတားလည်းပိတ်ထားတဲ့ အချိန်တုန်းက ဒီမှာ အလုပ်လုပ်တဲ့လူတွေ လာစုနေတာက စတာပဲ။ Demand(ဝယ်လိုအား) များလာတော့ ရိုက် စား လုပ်တာပေါ့။ အဓိကတော့ ပြည်မကလာတဲ့ တရုတ်တွေပေါ့။ သူတို့ အဆမတန်ပေးပြီး ဈေးဖျက်တာ။ အခု ပိုက်ဆံရှိတဲ့ လူတွေက အိမ်ခန်းတွေ ဆောက်ကုန်ကြပြီ။ တချို့ဆို ခုမှဆောက်တုန်း ကြိုတင်ဘိုကင်နဲ့တင် ၂ လ အလိုကတည်းက လူပြည့်ပြီ” ဟု ပြောသည်။

တာချီလိတ်မြို့ရှိ လူနေအိမ်ခန်းများမှာ ယခင် ၂၀၁၉ ခုနှစ် မတိုင်ခင်က အများဆုံး ဘတ် ၃,၀၀၀ သာ ကျသင့် သော်လည်း ယခု ၂၀၂၃ ခုနှစ်တွင် အောက်ဆုံး ဘတ် ၄,၀၀၀ မှစပြီး မြို့ပေါ်ရပ်ကွက်များတွင် ဘတ် ၈,၀၀၀၊ ဘတ် ၁၀,၀၀၀ ကျော်အထိ ပေးရသည်ဟု အဆိုပါ တာချီလိတ်မြို့ခံ အမျိုးသားက ဆက်ပြောသည်။

တာချီလိတ်မြို့တွင် အိမ်ခန်းငှားကြသည့် မြို့တွင်း ရပ်ကွက်အများစုမှာ ဆန်ဆိုင်း၊ ပါလျံ၊ ဝမ်ကောင်း၊ မကာဟိုခမ်း စသည့် ရပ်ကွက်များ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

တာချီလိတ်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် ရွှေ့ပြောင်းလုပ်သား တစ်ဦးက “တာချီလိတ်မှာ အစုတ် ပြတ်ဆုံး အခန်းကို ဘတ် ၄,၀၀၀ ပေးရတယ်။ ဘာအတွင်း ပစ္စည်းမှ မပါဘူးနော်။ မယ်ဆိုင်မှာဆိုရင် ပရိဘောဂ အပြည့်စုံနဲ့ ရေချိုးခန်း၊ အိမ်သာ အတွဲပါတာ ဘတ် ၃,၅၀၀ ပဲ။ အဲ့လိုအခန်းသာ တာချီလိတ်မှာ ဆိုရင်တော့လား ဘတ် ၇,၀၀၀ ကျော်လောက် အသာလေးပဲ” ဟု ပြောသည်။

တာချီလိတ်မြို့တွင် ယခုနှစ်အတွင်း အိမ်ခန်းငှားခများ ဈေးမြင့်တက်လာသည်သာမက အိမ်ရှင်များမှ ရေခွန်၊ မီးခွန်များကိုလည်း တိုးကောက်လာသည်ဟု ရွှေ့ပြောင်းလုပ်သားများက ပြောသည်။ ထို့အပြင် အချို့အိမ်ခန်းများ မှာ အိမ်ရှင်က မသိရဘဲ အိမ်ငှားတာဝန်ခံများက ဈေးမြှင့်လိုက်သည်များလည်း ရှိနေသည်ဟု ဆိုကြသည်။

တာချီလိတ်မြို့တွင် အိမ်ခန်းငှားမည်ဆိုပါက ပွဲစားခပင် အသားတင် ဘတ် ၁,၅၀၀ ပေးနေရသောကြောင့် အခြေ ခံ ရွှေ့ပြောင်းလုပ်သားများအတွက် များစွာအခက်ကြုံနေကြရသည်။

အိမ်ငှားခ ဈေးတက်ရခြင်းနှင့် စပ်လျဉ်း၍ ဆန်ဆိုင်းရပ်ကွက်ရှိ အိမ်ပိုင်ရှင် အချို့ကို မေးမြန်းရာတွင်လည်း ကုန် ဈေးနှုန်းများ ၂ ဆကျော်ခန့် မြင့်တက်လာခြင်းနှင့် စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အခွန်ဦးစီးမှူး ဦးဝေလှိုင်မှ လစဉ် အခွန်ကျသင့်ငွေ အပြင် တစ်နှစ်အတွက် အိမ်ခွန် ဘတ် ၅၀,၀၀ မှ ဘတ် ၁၀,၀၀၀ ကျပ်အထိ အိမ် အမျိုး အစားပေါ် မူတည်၍ တိုးမြင့်ကောက်ံနေခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။