စစ်ကိုင်းတိုင်းတွင် နယ်မြေမထိန်းချုပ်နိုင်၍ စစ်အုပ်ချုပ်ရေး မြို့နယ် ၃ ခု တိုးဟု PDF များပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

စစ်ကိုင်းတွင် စစ်အုပ်ချုပ်ရေး မြို့နယ် ၃ ခု ထပ်တိုးကြေညာခြင်းက စစ်ကောင်စီသည် နယ်မြေ မထိန်းချုပ်နိုင် မှုကို ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့တော်လှန်ရေးအဖွဲ့ PDF များက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် စစ်ကောင်စီက စစ်အုပ် ချုပ်ရေး ထပ်မံကြေညာလိုက်ခြင်း ဖြစ်သည်။

ဝက်လက်မြို့နယ် အခြေစိုက် စစ်ရေးလှုပ်ရှားနေသော Buffalo Soldiers Freedom Force (SBLDF) တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ကျွဲကြီးက “ကျနော့်အမြင် ပြောရရင်တော့ ဒီမြို့နယ် ၃ ခုမှာ စစ်တပ်တွေက နယ် မြေထိန်းချုပ်နိုင်တာ တစ်နေရာမှတောင် မရှိတော့ဘူး။ မြို့နေရာ‌လောက်ပဲ ကျန်တော့တာ။ အဲဒီမှာတောင်မှ ပြောက်ကျားအဖွဲ့တွေ လှုပ်ရှားနေလို့ ထိန်းချုပ်လို့ မရသေးဘူး။ နောက်ပြီးတော့ ပြည်သူတွေကို ထပ်ပြီးတော့ ဒုက္ခပေးချင်တာလည်း ပါမယ်။ မြေပြင် ပြောက်ကျားတပ်ဖွဲ့ လုပ်တဲ့ဟာက ပြည်သူတွေပဲ ခံနေရသလို ဖြစ်နေ လို့ တခါတခါ ရပ်ထားရတယ်။ အခုလို ကြေညာလိုက်တော့ ပိုကောင်းတာပေါ့။ ပြည်သူမရှိတော့ပဲ သူနဲ့ကိုယ် ၂ ဖွဲ့ပဲ ရှိတော့တာလေ။ ကျနော်တို့ PDF တွေ အကြိုက်ပေါ့” ဟု ပြောသည်။

စစ်အာဏာသိမ်း ကာလ ၂ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး ၄ ခုနှင့် ပြည်နယ် ၄ ပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၇ မြို့ နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့ နယ်တို့ကို ထပ်မံ တိုးမြင့်ကြေညာလိုက်သည်ဖြစ်ရာ စစ်ကောင်စီအနေဖြင့် နယ်မြေမထိန်းချုပ်နိုင်မှုကို ဝန်ခံခြင်း ဖြစ်သည်ဟု PDF များက ပြောသည်။

အဆိုပါ မြို့နယ် ၃ မြို့နယ်မှာ ယခင်ကတည်းက စစ်ကောင်စီတပ်များ နယ်မြေ မထိန်းချုပ်နိုင်သည့် ဒေသများ ဖြစ်ပြီး ပထမကြိမ် စစ်အုပ်ချုပ်ရေး ကြေညာကတည်းကပင် ပါဝင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်ဟု ဗိုလ်ကျွဲ ကြီး က ဆက်ပြောသည်။

ထို့အပြင် စစ်အုပ်ချုပ်ရေး ထပ်တိုးကြေညာလိုက်သည့် မြို့နယ် ၃ ခုထဲတွင် တစ်လလျှင် အနည်းဆုံး ၁၀ ကြိမ်မှ ၁၅ ကြိမ်ခန့်အထိ စစ်ကောင်စီများက စစ်ကြောင်းထိုးလေ့ရှိပြီး PDF များနှင့် တိုက်ပွဲဖြစ်ပွားသည့် အကြိမ်တိုင်း အရေးနိမ့်သည်ဟု ဆိုသည်။ သို့ဖြစ်၍ စစ်ကောင်စီတပ်များအနေဖြင့် ထိုမြို့နယ် ၃ မြို့နယ်ထဲ ပေါ်ပေါ်ထင်ထင် သွားလာနိုင်ရန် စစ်အုပ်ချုပ်ရေး ကြေညာခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။

ရွှေဘိုမြို့နယ် အခြေစိုက် စစ်ရေးလှုပ်ရှားနေသော တောကျီးကန်း ပြည်သူ့ကာကွပ်ရေး တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ ဘိုစီဘီကလည်း “တစ်မြို့နဲ့တစ်မြို့ ကူးဖို့ မလွယ်တော့တဲ့ အနေအထား ဖြစ်နေလို့ ပြန် ထိန်းချုပ် တယ်လို့ သုံးသပ်တယ်။ ရွှေဘိုမြို့မှာလည်း UG လှုပ်ရှားမှုအား အတော်ကောင်းလာတော့ သူတို့အတွက် ဘယ် နေရာမှ Save (ဘေးကင်းလုံခြုံမှု) မဖြစ်တော့ဘူး။ အဲဒါသိသွားလို့ အဲလိုထိန်းချုပ်တယ်လို့ ယူဆတယ်” ဟု ပြောသည်။

စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ၎င်းတို့အတွက် ထူးခြားမှု မရှိသော်လည်း ထိုမြို့နယ် ၃ ခုတွင် စစ်ရေးလှုပ်ရှားနေသော တပ်ရင်းများမှာ လူမဆန်အောင် ရက်စက်တတ်သော တပ်မ ၃၃၊ တပ်မ ၇၇ စသည့် တပ်မများ ဖြစ်သောကြောင့် ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ပိုဆိုးလာနိုင်သည် ဖြစ်ရာ လူထု အတွက် အထူးစိုးရိမ်နေရသည်ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။

ထို့ကြောင့် PDF များအနေဖြင့် စစ်ရေး အရှိန်မြင့် ဖော်ဆောင်သွားမည် ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဘက် ထိခိုက် မှု မရှိစေရန် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် မဖြစ်မနေ အရေးပေါ် ကိစ္စများ ရှိပါကလည်း အထူးသတိထားကာ ရက်အတန်ကြာခြားပြီးမှ သွားလာကြရန် သတိပေးထားသည်။