စစ်ကောင်စီ နယ်မြေရှင်း တပ်နှင့် PDF ဥဩစစ်ကြောင်းတို့ တနေ့တည်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့ ဥသြစစ်ကြောင်းတို့ ထားဝယ် အရှေ့တောနယ်ဒေသတွင် တနေ့တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းထားသည့် OAK AWE COLUMN Dawei ဥသြစစ်ကြောင်းမှ စာ အမှတ် JAC-၀၀၈/၂၀၂၃ ဖြင့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ သတင်း ထုတ် ပြန်ထားသည်။
ပူးပေါင်းတပ်ဖွဲ့ပြန်ကြားရေး တာဝန်ရှိသူက “ပြန်ဆုတ်တဲ့အချိန်မှာ အားလုံးကို ကာပစ်ပေးရင်း တစ်ယောက်ထဲ ကျန်ခဲ့တဲ့အချိန် ရင်ဘက်ကို ကျည်ထိသွားတာဖြစ်ပြီး AR-15 သေနတ်တစ်လက်နဲ့ လက်လုပ် M-79 သေနတ်တို့ လည်း ဆုံးရှုံးခဲ့ရသေးတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသ ထားဝယ်-ထီးခီး လမ်းမကြီးပေါ်ရှိ ကွာလီတောင်ကြောပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၃၀ ခန့်ပါ စစ်ကြောင်းနှင့် ထားဝယ် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၁) ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
တိုက်ပွဲသည် ၃၅ မိနစ်ခန့် ကြာမြင့်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် စစ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဥသြစစ်ကြောင်း တပ်စိတ်မှူး ဘိုဘို အသက် ၃၀ အနှစ် ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အင်အားမမျှတသဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု ပူးပေါင်းတပ်ဖွဲ့ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
တပ်စိတ်မှူး ဘိုဘို၏ အလောင်းကို နောက်တစ်ရက်အကြာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းမှ ပြန်လည်တွေ့ ရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့နောက် ပူးပေါင်းတပ်ဖွဲ့များမှ အင်အားပြန်လည်ဖြည့်တင်းပြီး ထားဝယ်-ထီးခီး လမ်းပိုင်းတစ်လျှောက် နယ်မြေ ရှင်းလင်းရာတွင်လည်း သင်္ကန်းတုံးကျေးရွာအနီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်ခန့်တွင် စစ် ကောင်စီတပ် နှင့် ၁ နာရီခန့်အကြာထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ် ဆုတ်ခွါရာ လမ်းတစ်လျှောက် ပူးပေါင်းတပ်ဖွဲ့များ၏ ကြိုတင်စီစဉ်ထောင်ထားသည့် တိုက်မိုင်းများပေါက်ကွဲမှုကြောင့် ထပ်မံ၍ ထိခိုက်ကျဆုံး သူ အများအပြားရှိနိုင်သည်ဟု ဖေါ်ပြထားသည်။
ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှ ၂၀ရက်နေ့အထိ ၅ ရက်အတွင်း အရှေ့တောနယ် ထားဝယ်-ထီးခီး လမ်းမတစ်
လျှောက် ကော်သူးလေ Army နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုများ ကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၃ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ဥသြ စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အလောင်းများကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့၊ နေ့လည်ပိုင်းတွင် ပကာရီကျေးရွာမှ Vigo ကား ၂ စီးဖြင့် သယ်ဆောင်သွားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ဆိုသည်။
အရှေ့တောဒေသရှိ ဒေသခံအများစုမှာ တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေကြရပြီး နေစရာ အမိုး အကာနှင့် ဆေးဝါးရိက္ခာများ လိုအပ်လျက်ရှိရာ ကူညီပေးနိုင်မည့် အဖွဲ့အစည်းများကိုလည်း မျှော်လင့်နေကြ သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား နှစ်ဘက် စစ် ရေးတင်းမာမှုများ ရှိနေခြင်းတို့ကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။