စစ်ကောင်စီ ဖမ်းသွားသော ကျန်းမာရေး ဆရာမ တစ်ဦး လွတ်လာခြင်းမရှိသဖြင့် မိသားစုများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
ကသာခရိုင်၊ မိုးတားကြီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားသည့် ဒေသခံ ပြည်သူ ၃ ဦးအနက် အမျိုးသမီးတစ်ဦး ယနေ့အချိန်ထိ ပြန်မလွတ်လာသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။
စစ်ကောင်စီတပ်က ရွာသား ၂ ဦးနှင့်အတူ ကျေးလက်ကျန်းမာရေးဆရာမ တစ်ဦးကို ဖမ်းဆီးသွားပြီးနောက် ရွာသား ၂ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းဆရာမကို ယနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးဘူးဟု ရွာသားများက ပြောသည်။
ဒေသခံ အမျိုးသမီးတစ်ဦး က “မိုးတားကြီးက ကျန်းမာရေးဆရာ ဒေါ်သဲသဲဝင်း အပြာဝတ်က ပစ္စည်းကျန်လို့ သွားယူတာကို ကို ဖမ်းမိသွားတာ။ ရွာဘက်ကို သွားတဲ့အချိန်မှာ ဖမ်းမိသွားတာ။ အခုချိန်ထိ မလွတ်သေးဘူး။ ကျွန်းပင်ဘက်ကို ခေါ်သွားတယ်တဲ့။ ကျွန်းပင်မှာတော့ စစ်သားတွေက နေနေကြတာ ကြပြီ။ အဲ့ဆရာမက တာ ဝန်ကျတာက ချင်းပြည်နယ် ဖလမ်းမှာလေ။ အဲ့ဒါကို ဖမ်းသွားတာ” ဟု ပြောသည်။
အဆိုပါ ကျေးလက်ကျန်းမာရေး ဝန်ထမ်း အပြာဝတ် ဆရာမသည် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တာဝန်ကျပြီး နောက် CDM လုပ်ထားသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
“အဲ့ဆရာမက CDM လို့ ပြောတယ်။ ဒါပေမယ့် သူတာဝန်ကျတဲ့ဘက်ကလည်း ဝန်ထမ်းတွေကို အကုန်လုံး ပြန် လွှတ်နေတာပဲ။ အဲ့ဒါကို ဖမ်းသွားတာ။ ပထမဆုံး ကြားကြားချင်းက သူ့ကို တစ်ယောက်ထဲ စာသင်ကျောင်းထဲ မှာ ပိတ်ထားတာလို့ ကြားတယ်။ အဲ့စစ်ကြောင်းက ကျွန်းပင်ကို ရောက်နေပြီ။ အဲ့နေ့က တခြား နှစ်ယောက် လည်း ပါတယ် ဖမ်းခံရတာ။ သူတို့က ပြန်လွှတ်တယ်။ အဲ့ဒီ အပြာဝတ်ဆရာမက အခုထိ မလွတ်သေးဘူး။ တချို့ပြော တာတော့ သိန်းတစ်ထောင်နဲ့ လာရွေးခိုင်းတယ်လို့ ပြောတယ်။”
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကသာခရိုင် မိုးတားကြီး၌ စစ်ကြောင်းထိုးသွားသော စစ်ကောင်စီတပ်က အပြာ ဝတ်ကျန်းမာရေး ဆရာမဖြစ်သူ ဒေါ်သဲသဲဝင်း နှင့် ရွာသား ၂ ဦးအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အခြားရွာသား ၂ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အပြာဝတ် ဆရာမဖြစ်သူ ဒေါ်သဲသဲဝင်း (အသက် ၄၀ နှစ်)အား ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ ထို့ကြောင့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများ က အဆိုပါ ဆရာမအတွက် စိုးရိမ်နေကြသည်။
ကျန်းမာရေးဝန်ထမ်း ဒေါ်သဲသဲဝင်းကို ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်မှာ စစ်ကြောင်းမှူး အောင်သူ ဦးစီးသည့် ခလရ ၇၇ အဖွဲ့ ဖြစ်သည်ဟု ဆိုကြသည်။
အတည်မပြုနိုင်သေးသော သတင်းတခုအရ ကျန်းမာရေး ဆရာမဖြစ် သူ ဒေါ်သဲသဲဝင်းအား ကျပ်သိန်း ၁၀၀၀ (သိန်းတထောင်) ဖြင့် လာရွေးရန် ပြောဆိုမှုများ ရှိနေသည်ဟု ဆိုသည်။