ဇင်းမယ်ရောက် CDM ကျောင်းသား တစ်ယောက်ရဲ့ ဖြတ်သန်းမှု

Saw Pway

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။

ကားတွေ တဝီဝီ သွားနေသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က ဆန်ကဖယ်လမ်းမကြီးဘေးရှိ ကော်ဖီဆိုင် တစ်ဆိုင်ထဲ တွင် ကော်ဖီထိုင်သောက်ရင်း အသက် ၂၀ ဝန်းကျင်အရွယ်ရှိသည့် လူငယ်တစ်ဦးက အခုလို ပြောသည်။

“အလုပ် လုပ်နေရင်းနဲ့ ကျောင်းတက်နိုင်အောင် ကြိုးစားသွားဖို့ရှိတယ်ဗျ”

ထိုလူငယ်လေးမှာ ရန်ကုန်တိုင်း ရွှေပြည်သာက အစိုးရ စက်မှုလက်မှုသိပ္ပံ GTI တွင် Electrical Power Engineering မေဂျာ နှင့် ကျောင်းတက်ခဲ့သည့် ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်နေသည်။

ထိုလူငယ်မှာ လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်သော ကျောင်းသား တစ်ဦးဖြစ်သည်။

စစ်အာဏာသိမ်းမှုကို အလိုမရှိသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ

“အာဏာသိမ်းပြီး သုံးလေးငါးလအတွင်းမှာ သူက အကြမ်းဖက်ဖြိုခွင်းတာတွေလည်း ရှိခဲ့တာမို့လို့ ကျနော်တို့ လုံးဝအာဏာရှင် လက်အောက်မှာ ဆက်ပြီး ပညာမသင်ကြား လိုတဲ့အတွက်ကြောင့်မို့လို့ ကျနော် CDM လုပ်ခဲ့ တာဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

နယ်ပယ်အသီးသီးသို့ ရောက်ရှိသွားသည့် CDM ကျောင်းသားများ

စစ်အာဏာသိမ်းပြီးနောက် လူငယ်အများစုသည် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ် သင်ကြားနေသည့် ကျောင်းများတွင် ပညာဆက်လက် သင်ကြားမှုကို ကျောခိုင်းခဲ့ကြပြီး အာဏာသိမ်းမှုကို ဖီ ဆန်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်လာခဲ့ကြသည်။

အာဏာသိမ်းမှုမှ တစ်ဆင့် ဆုံးရှုံးခဲ့ရသည့် ၎င်းတို့၏ အနာဂတ်၊ ရည်မှန်းချက်၊ ပန်းတိုင်များကို ပြန်လည်ရယူမည် ဟု ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းပညာရေးကို စွန့်လွှတ်ကာ အချို့က တော်လှန်ရေး နယ်ပယ်အသီးသီးတွင် ကျရာ အခန်းကဏ္ဍတွင် ပါဝင်လာခဲ့ကြသည်။

သို့သော် အချို့မှာ CDM လုပ်ရင်း ဘဝတိုးတက်လမ်းအတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ လမ်းပျောက်နေ သည့် လူငယ်များစွာ ရှိနေသလို အချို့မှာ နယ်စပ်ဒေသများမှ တစ်ဆင့် အိမ်နီးချင်း နိုင်ငံများထဲသို့ ဝင်ရောက်ကာ အလုပ်လုပ်ရင်း ကျောင်းပညာရေးကို ဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားနေသည့် လူငယ်များလည်း ရှိနေသည်။

စစ်အာဏာသိမ်းမှုကို အလိုမရှိသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ

ထိုအထဲတွင် ခန္ဓာကိုယ် ပိန်ပိန် အရပ်ရှည်ရှည် အသားညိုညို မျက်နှာပေါက် သွယ်သွယ်လေးနှင့် ဆံပင်ဘေးခွဲ ထားသည့် လူငယ်တစ်ဦးလည်း ပါဝင်သည်။

ထိုသူမှာ အသက် ၂၀ ဝန်းကျင်သာရှိသေးသည့် မောင်ဝင်းအောင်ခန့် ဆိုသူဖြစ်သည်။

မောင်ဝင်းအောင်ခန့်က “ကျနော်က ဒီထိုင်းနိုင်ငံကို စရောက်ကတည်းကကိုပေါ့နော။ ကျောင်းဆက်တက် ချင် တယ်ပေါ့နော။ ဘာလို့လဲဆိုတော့ ကျနော် ဝါသနာပါရာ ဒီအင်ဂျင်နီယာ ဘာသာရပ်ကို ဆက်လက်ပြီးတော့ လေ့လာ ချင်တယ်ပေါ့နော” ဟု ပြောသည်။

ကျောင်းဆက်တက်ရန် စဉ်းစားထားသည့် လူငယ်တစ်ယောက် ထိုင်းနိုင်ငံ စရောက်သည်နှင့် အဆင်မပြေမှုများ နှင့် စတင်ရင်ဆိုင်ခဲ့ရသည်။

“ပထမဆုံး ထိုင်းနိုင်ငံမှာ အတွေ့အကြုံမရှိပဲ အလုပ်ဝင်ရတဲ့အခါကျတော့ အဓိက အခက်အခဲကတော့ ဘာသာ စကားပဲ အဲခါကျတော့ နောက်ဆုံး ကျနော် အဆင်မပြေတဲ့ အခါကျတော့ အလုပ်ထွက်ခဲ့တယ်ပေါ့နော်” ဟုပြော သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ခါစ ပီဇာဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ရာ ကြုံတွေ့ခဲ့သည့် အခက်အခဲများကို မောင် ဝင်း အောင်ခန့်က ပြောပြသွားခြင်း ဖြစ်သည်။

ဘာသာစကား အခက်အခဲကို ဘယ်လိုကျော်လွှားခဲ့သလဲ

ဘာသာစကား အခက်အခဲများကြောင့် အလုပ်ထွက်လိုက်ရသည့် ကာလအတွင်း ချင်းမိုင်မြို့ရှိ BEAM Education Foundation က ဖွင့်လှစ်သင်ကြားပေးနေသည့် ထိုင်းဘာသာစကားကို သွားရောက် သင်ယူခဲ့သည် ဟု သူက ဆိုသည်။ ထိုင်းဘာသာ စကားသင်ယူပြီးနောက် အင်္ဂလိပ်ဘာသာကိုလည်း ထပ်မံ လေ့လာသင် ယူခဲ့ သည်ဟု ကော်ဖီသောက်ရင်း မောင်ဝင်းအောင်ခန့်က ပြောသည်။

“ကျနော် BEAM ကျောင်းမှာ ပထမဦးဆုံး အနေနဲ့ ထိုင်းဘာသာစကားကို စပြီးတော့ သင်ယူခဲ့တယ်ပေါ့နော။ ထိုင်းဘာသာ စကားကို ကျနော် သုံးလ သင်ယူခဲ့တယ်။ သင်ပြီးတော့ ကျနော် အင်္ဂလိပ်စာ Speaking ပိုင်းကို ကျနော်တက်ခဲ့တယ်။”

BEAM က ပြုလုပ်သည့် အစီအစဉ်တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ တွေ့ရသည့် မောင်ဝင်းအောင်ခန့်

BEAM Education Foundation သည် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများ၊ စစ် ဘေးရှောင်များနှင့် လူငယ်များ ပညာဆက်လက် သင်ကြားနိုင်ရန် ကူညီလုပ်ဆောင် ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပညာရေးအခွင့်အလမ်း ပွင့်စေရန် ကူညီပေးနေသည့် ပရဟိတကျောင်း အတော်များများရှိပြီး ယင်းကျောင်းများတွင် အတတ်ပညာ၊ အသိပညာများကို အခမဲ့တက်ရောက်‌ လေ့လာနိုင်ကြသည်။

BEAM Education Foundation မှာ ယင်းကဲ့သို့သော ကျောင်းများထဲမှ တစ်ခုဖြစ်သည်။

သုံးလတာ ကာလအတွင်း ထိုင်းဘာသာ စကားကို ရေးတတ်၊ ဖတ်တတ်ပြီး အနည်းငယ် နားလည်လာ‌သော် လည်း အပြောစွမ်းရည်ပိုင်းတွင်တော့ အားနည်းနေသေးသည်။ သို့သော် အင်္ဂလိပ်စာကတော့ ယခင်ကထက် တိုး တက်လာသည်ဟု ကျေနပ်အားရသည့် လေသံနှင့် ဝင်းအောင်ခန့်က ပြောသည်။

BEAM က ဆရာ/ဆရာမများ၏ အကူအညီဖြင့် ပညာသင်ဆု လျှောက်ခဲ့

BEAM Education Foundation တွင် တက်ရောက်သင်ကြားခဲ့သည့် ကာလအတွင်း အင်္ဂလိပ်စာ တိုးတက်လသည့်အတွက် အွန်လိုင်း တက္ကသိုလ်တစ်ခုဖြစ်သည့် ပါရမီ တက္ကသိုလ်တွင် ပညာသင်ဆု လျှောက်ခဲ့သေးသည်။

“BEAM က ဆရာမတွေနဲ့ ကျနော်တို့ စကော်လာ လျှောက်ဖို့ ပြောပေးခဲ့တယ်ပေါ့နော။ ဒီ ပါရမီတို့ ဘာတို့မှာ စကော်လာ လျှောက်ခဲ့ဖူးတယ်” ဟု မောင်ဝင်းအောင်ခန့် က ပြောသည်။

သို့သော် ပညာသင်ဆု မရခဲ့ပေ။

ပညာသင်ဆု မရခဲ့ပေမယ့်လည်း ဇွဲမလျော့ပဲ လိုအပ်မှုများကို ပြင်ဆင်ပြီး ထိုင်းနိုင်ငံရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနိုင်အောင် ဆက်ပြီး ကြိုးစားသွားမည်ဟု သူက ဆိုသည်။

အလုပ်ခွင်သို့ ပြန်လည်ရောက်ရှိသွားခြင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က စားသောက်ဆိုင် တစ်ဆိုင်ရှိ စားဖိုဆောင်ထဲတွင် ဝင်းအောင်ခန့် အလုပ်ရှုတ်နေသည်။

ထိုစားဖိုဆောင်ရှိ နံရံပေါ်တွင် လက်ကိုင်ပါသည့် အိုးများချိတ်ထားပြီး စားဖိုဆောင် သုံးပစ္စည်းများ၊ ချက်ပြုစရာ များ ရှိနေသည့် စားဖိုခန်းထဲတွင် အစားအသောက်များကို ကြော်လှော် ချက်ပြုတ်နေသည်။

စားသောက်ဆိုင်ရှိ စားဖိုဆောင်တွင် ကြော်လှော်ချက်ပြုတ်နေသည့် မောင်ဝင်းအောင်ခန့်

“အခုကျတော့ ကျနော် စားဖိုဆောင်ပေါ့နော။ စားဖိုဆောင်ဝင်တာပေါ့။ စားဖိုဆောင်မှာ ဟင်းချက်တယ်။ ကျနော်ကတော့ ဒိုင်ခံမချက်ပေမယ့် ကျနော်အစ်ကိုကတော့ ဒိုင်ခံချက်တယ်ပေါ့နော။ အစ်ကိုဆိုတာက ကျနော် သူငယ်ချင်းပေါ့နော။ သူက ဒိုင်ခံချက်တယ်။ ကျနော်က အကူအနေနဲ့ လုပ်ပေးတယ်ပေါနော်” ဟုပြောသည်။

ကျောင်းတက်နိုင်ရန် ကြိုးစားနေစဉ်မှာပင် သူငယ်ချင်း တစ်ယောက်၏ အကူအညီနှင့် စားသောက်ဆိုင် တစ်ဆိုင် တွင် အလုပ်ရခဲ့ခြင်းဖြစ်သည်ဟု ဝင်းအောင်ခန့် ကပြောသည်။

ထိုစားသောက်ဆိုင်မှာ ထိုင်းအစားအစာနှင့် ဥရောပ အစားအစာများကို ချက်ပြုတ်သည့် ဆိုင်ဖြစ်ပြီး ဘာသာ စကား အနည်းငယ်တတ်လာ၊ သိလာ နားလည်လာသည့်အတွက် အလုပ်ထဲတွင် အဆင်ပြေလာသည်ဟု ဆို သည်။

သို့သော် ခက်ခဲမှုနှင့် စိန်ခေါ်မှုများကတော့ ရှိနေဆဲပါ။

အလုပ်လုပ်ရင်း ကျောင်းဆက်တက်ရန်အတွက် ပြင်ဆင်မှုများ စတင်နေသူ

စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော်လည်း ထိုင်းနိုင်ငံတွင် ပညာဆက်လက် သင်ကြားနိုင်ရန်ကြိုးစား မည်ဆိုသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်ကတော့ မှေးမှိန်သွားခြင်းမရှိပေ။

အလုပ်လုပ်ရင်း ကျောင်းတက်နိုင်ရန် ပြင်ဆင်သည့် အနေဖြင့် အင်္ဂလိပ်စာကို အရင်ကထက် ကြိုးစားပြီး လုပ် ဆောင်လာခဲ့သည်ဟု ဆိုသည်။

“ဘာတွေ ပြင်ဆင်ထားပြီလဲဆိုတော့ ကျနော်က အင်္ဂလိပ်စာ By one သင်ဖို့တော့ ကျနော် စီစဉ်ထားတယ်ဗျ။ အခု လောလောဆယ်တော့။ By One မသင်ခင်တော့ ကျနော် Self Study လုပ်ဖြစ်တယ်။ တစ်ရက်ကို တစ်နာ ရီ လောက်ဖြစ်ဖြစ်ပေါ့။ အင်္ဂလိပ်စာ Test တွေ ဖြေကြည့်တယ်။ နောက် Vocabulary၊ Verb forms၊ word forms တွေ အဲဒါတွေ ကျနော် ပြန်လေ့လာတာပေါ့နော်။”

BEAM က ပြုလုပ်သည့် အစီအစဉ်တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ တွေ့ရသည့် မောင်ဝင်းအောင်ခန့်

လက်ရှိတွင် ကျောင်းစရိတ်အနည်းငယ် သက်သာသည့် ချင်းမိုင်မြို့ရှိ Rajabhat တက္ကသိုလ်တွင် ကျောင်းဝင်ခွင့် ရရှိနိုင်ရန် ပြင်ဆင်လုပ်ဆောင်နေသည်ဟု ပြောသည်။

ထိုတက္ကသိုလ်တွင် တက်ရောက်နိုင်ရန်အတွက် နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာ IELTS သို့မဟုတ် TOEFL ဖြေဆိုထားသည့် အောင်လက်မှတ်ကို တင်ပြရမည်ဖြစ်သည်။ အဆိုပါ လက်မှတ်များမရှိပါက ကျောင်း က ဖြေခိုင်းသည့် အရည်အချင်းစစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ပြီး ထိုမှဆင့် လူတွေ့အင်တာဗျူး အောင် မြင်ပါက ကျောင်းဝင်ခွင့်ရရှိမည်ဟု ဝင်းအောင်ခန့်က ပြောသည်။

အင်္ဂလိပ်စာကို ပြင်ဆင်နေသလို တစ်ဖက်ကလည်း ကျောင်းစရိတ်အတွက် သက်သာစေရန် BEAM Education Foundation မှတစ်ဆင့် ပညာသင်ဆုရရှိရန် လျှောက်ထားပြီး ကျောင်းတက်နိုင်အောင် ရည်မှန်းထားသည်ဟု ဆိုသည်။

ကျောင်းတက်နိုင်ရန် ကြိုးစားနေသည့် အခြားသော CDM ကျောင်းသားများ

ဝင်းအောင်ခန့် ကဲ့သို့ပင် ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် မန္တလေးတိုင်း မတ္တရာမြို့က CDM လုပ်ထားသည့် ၈ တန်းကျောင်းသားလေး ဇွဲဆိုသည့် လူငယ်ကလည်း ကျောင်းပညာရေးအတွက် ရပ်တန့်မနေပဲ General Education Diploma – GED ကို ဝင်ရောက် ဖြေဆိုနိုင်အောင် ပြင်ဆင်နေသည်။

ဇွဲက “မြန်မာပြည်မှာ ကျနော်က ၈ တန်းပဲ အောင်ခဲ့တာပေါ့နော။ ၈ တန်းအောင်ပြီးတော့ မြန်မာပြည်မှာ ကျောင်းဆက်တက်လို့ မရဘူးလေ။ BEAM Education က ကျနော် ဒီမှာ မရောက်ခင်ကတည်းက သူတို့ ဒီလို မျိုး Program ရှိတယ်လို့ သိထားတာပေါ့နော။ ပြီးတော့ အောင်ထားတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီ လက်မှတ်နဲ့ University တို့ ဘာတို့မှာ Join လို့ရတယ်ဆိုတာနဲ့ ကျနော်တို့ လာခဲ့ပြီးတော့ အဲဒီ GED Program ကို ဝင် Join ဖို့ အိုင်ဒီယာရတာပဲ” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကို အလိုမရှိသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ

ဇွဲက BEAM Education Foundation ကတစ်ဆင့် GED ဖြေဆိုနိုင်ရန် လေ့လာသင်ယူမှုများကို လုပ်ဆောင် သွားမည်ဟု ပြောသည်။

GED သည် အထက်တန်းကျောင်း အောင်လက်မှတ်နှင့် တူညီသည့် လက်မှတ်ဖြစ်ပြီး ထိုလက်မှတ်ရ ရှိထားပါက GED ကို လက်ခံသည့် နိုင်ငံတကာ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်သည်။

ထို့အတူ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား တက္ကသိုလ်တွင် အင်္ဂလိပ်စာ ဘာသာရပ်နှင့် ပထမနှစ် တက်ရောက်ခဲ့ပြီး CDM လုပ်ကာ လက်ရှိ ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်နေသည့် ကချင်တိုင်းရင်းသူ ဘောက်ရာကလည်း ကျောင်းဆက်တက်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း၊ ပခုံးလောက်အရှည်ရှိသည့် ဆံပင်ကို အရောင်ဆိုးထားသူ ကချင်တိုင်းရင်းသူ ဘောက်ရာ အနေဖြင့် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်ခဲ့ရသည့် ကျောင်းပညာရေးကို ဆက်လက် သင်ယူနိုင်ရန် ပြင်ဆင်မှုများကို ကြိုးစားလုပ်ဆောင်နေသည်။

စစ်အာဏာသိမ်းမှုကို အလိုမရှိသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ

လက်ရှိတွင် အွန်လိုင်းကနေ အင်္ဂလိပ်စာကို လေ့လာနေသလို တစ်ဖက်တွင်လည်း ထိုင်းစာနှင့် ထိုင်းစကားကို လေ့လာ သင်ယူနေသည်ဟု ဆိုသည်။

ဘောက်ရာက “ထိုင်းဘာသာနဲ့ တက္ကသိုလ် Join နိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့ ဆိုတော့ ထိုင်းနိုင်ငံ မှာ နေတယ်ဆိုတော့ ဒီလိုနဲ့ ကြိုးစားနေတယ်ပေါ့နော။ တစ်ဖက်ကလည်း အင်္ဂလိပ်လည်း ဒီ Class တက်ရင်းနဲ့ ကိုယ့်မှာ အဓိက Skill ရှိအောင် ကြိုးစားပြီးတော့ တက္ကသိုလ်က ဆက်တက်နိုင်ဖို့တော့ ကြိုးစားနေတယ်” ဟု ပြောသည်။

ထိုင်းစာကိုလေ့လာပြီး ထိုင်းစာ၊ ထိုင်းဘာသာနှင့် တက္ကသိုလ် တက်ပါက ကျောင်းစရိတ် ထက်ဝက်လောက် သက်သာနိုင်သည်ဟု ဘောက်ရာက ဆိုသည်။

ဘောက်ရာသည် လက်ရှိမှာ သတင်းထောက်အလုပ်ကို လုပ်ကိုင်နေရင်း ကျောင်းဆက်တက်နိုင်ရန် ကြိုးစားနေ သည့် CDM လူငယ် အမျိုးသမီး သတင်းထောက် တစ်ဦးဖြစ်သည်။

ပညာရေးအတွက် လူငယ်များအားထားရာ BEAM

လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က BEAM Education Foundation တွင် Community Youth Leader Development (CYLD) program (လူငယ်ခေါင်းဆောင်မှု ဖွံ့ဖြိုးရေး အစီအစဉ်) နှင့် GED Online Program ဆိုပြီး Program နှစ်ခုရှိသည်။ (GED မှာ အမေရိကန် နိုင်ငံ ပညာရေး စံနစ်က အသိအမှတ်ပြုထားသည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ တစ်ခု ဖြစ်သည်)

အဆိုပါ Program နှစ်ခုစလုံးတွင် တစ်နှစ်လျှင် ကျောင်းသား ဦးရေ ၇၀၀ နီးပါးခန့် လျှောက်ထားကြ သည်ဟု BEAM က ဆိုသည်။

BEAM က ပြုလုပ်သည့် Youth Conference 2022 အစီအစဉ်တွင် တွေ့ရသည့် လူငယ်များ Photo – BEAM

Community Youth Leader Development (CYLD) program အတွက် တစ်နှစ်လျှင် ပျမ်းမျှ လူဦးရေ ၅၀ ဝန်းကျင်နှင့် GED Online Program အတွက် လူဦးရေ ၁၀၀ ကနေ ၂၀၀ နီးပါး ခေါ်ယူလေ့ကျင့်ပေးနေသည် ဟု BEAM Education Foundation ပညာရေး တာဝန်ခံ က ပြောသည်။

GED စာမေးပွဲဖြေဆိုရန် သင်ကြားလိုသည့် မြန်မာနိုင်ငံသား အများအပြားရှိနေပြီး ထိုင်းနိုင်အတွင်းရှိ GED သင် ကြားပေးသော အခမဲ့ကျောင်းများမှာ လက်ခံနိုင်သည့် လူဦးရေမှာ အလွန်နည်းပါးလှသည်။ လျှောက်ထားသူများ ၏ ၃၀ ရာခိုင်နှုန်းခန့်သာ တက်ရောက်သင်ကြားခွင့်ရနေကြသည်။

ကျောင်းသားများကို ခေါ်ယူလေ့ကျင့်ပေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး BEAM Education Foundation က ပညာရေး တာဝန်ခံ ဆရာမ ဆုဆု က အခုလို ပြောသည်။

ဆရာမ ဆုဆု က “အခက်အခဲကိုမေးရင်တော့ generally အဖက်ဖက်ကနေ အမျိုးမျိုးရှိပါတယ် အဓိက က တော့ GED က American concept ဖြစ်တဲ့အတွက် မြန်မာကြောင်းသားတွေကို American literature, politics, history, systems တွေသင်ပေးရတဲ့အခါ နားလည်မလွယ်တာ အခက်အခဲရှိပါတယ် ပြီးရင် critical thinking အပိုင်းလည်းတော်တော်လေးကို train ပေးရပါတယ်။ GED exam fees တွေကလည်း ကျောင်း သားတွေ အတွက်နဲ့ BEAM အတွက်အခက်အခဲဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ကြုံတွေ့ရသည့် ကန့်သတ်မှုနှင့် ပတ်သက်ပြီး ဆရာမ ဆုဆုက အခုလို ဆက်ပြောသည်။

၎င်းက “ကန့်သတ်မှုတွေကတော့ ID ကိစ္စမှာကြုံရပါတယ် ထိုင်းရောက်မြန်မာတွေအတွက်က ပက်စပို့အခက် အခဲရှိတာ မှတ်ပုံတင်မရှိတာ ပတ်စပို့သက်တမ်းကုန်တာ စတာတွေကြောင့် GED စာမေးပွဲဖြေရတာ အခက် အခဲရှိပါတယ်” ဟု ပြောသည်။

BEAM က ပြုလုပ်သည့် Youth Conference 2022 အစီအစဉ်တွင် တွေ့ရသည့် လူငယ်များ Photo – BEAM

ထိုကြုံတွေ့နေရသည့် အခက်အခဲများနှင့် ကန့်သတ်မှုများကို GED ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်း သူ များဖက်မှ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ကာ အကန့်အသတ်များနှင့် ခက်ခဲမှုများကို ကျော်လွှားခဲ့ရသည်ဟု GED ဝင် ရောက် ဖြေဆိုဖူးသူများက ဆိုသည်။

ယခင်က BEAM Education Foundation အနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကိုသာ ဦးစားပေးအနေနှင့် GED ဖြေဆိုရန် ခေါ်ယူလေ့ကျင့်ပေးလေ့ရှိပြီး ယခုနောက်ပိုင်းတွင်မူ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသားများ အတွက်ပါ ထည့်သွင်းစဉ်းစားပေးလာသည်ဟု BEAM က ပြောသည်။

CDM ကျောင်းသားများ ဘဝကို ဖြစ်သလို မဖြတ်သန်းကြရန် လိုလားသူ

ထိုင်းရောက် CDM ကျောင်းသားများထဲမှ အချို့က အလုပ်လုပ်ရင်း ကျောင်းဆက်တက်နိုင်ရန် ကြိုးစားပြီး ပြင် ဆင်လုပ်ဆောင်နေချိန်တွင် အချို့ကတော့ တော်လှန်ရေး အောင်မြင်ပြီးမြောက်မှသာ ကျောင်းဆက်တက် မည်ဟု ပြောဆိုသူများလည်း ရှိသည်။

အချို့မှာ အလုပ်ခွင်သို့ ဝင်ရောက်သွားသည့်အတွက် ကျောင်းဆက်တက်ရန် စိတ်မဝင်စားတော့ပဲ ရောက်သည့် နေရာတွင် နေတတ်သလိုနေထိုင်ရင်း ဘဝကို ဖြတ်သန်းနေသူများ ရှိနေသည်။

မောင်ဝင်းအောင်ခန့်က “အဓိကကတော့ ပညာအရည်အချင်းကတော့ အရင်းအနှီးတစ်ခုပဲပေါ့နော။ အနာဂတ် အတွက် အရင်းအနှီး တစ်ခုပဲ အကယ်၍ ကျောင်းမတက်ပဲ အလုပ်ဆက်လုပ်မယ်ဆိုရင်တော့ အခြေခံ အလုပ် သမား ဘဝနဲ့ပဲ ဆက်သွားဖို့ များမယ်ပေါ့နော။ အကယ်၍ ကျောင်းတက်ပြီးတော့ ကိုယ်က အဆင့်တစ်ဆင့် ရောက်သွားပြီ ဆိုရင်တော့ ဒီထက်လည်း ပိုပြီးတော့ အခြေအနေမြင့်သွားနိုင်တယ်။ နောက်ပြီးတော့ ဒီထက် လည်း ပိုပြီးတော့ ဘဝရပ်တည်ချက် ပိုကောင်းလာမယ်ထင်တယ်။ ကျောင်းဆက်တက်ဖို့ကတော့ ကျနော်က အားပေးချင်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကို အလိုမရှိသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အလှည့်အပြောင်းများကြောင့် နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များသည် မရေရာသည့် ဘဝများဖြင့် လမ်းပျောက် ကာ အနာဂတ်မဲ့ ဖြစ်ခဲ့ကြရသလို နယ်ပယ်အသီးသီးသို့ ရောက်ရှိကာ ဖြစ်သလို ရှင်သန်နေခဲ့ကြရသည်။

နယ်ပယ် အသီးသီးသို့ ရောက်ရှိသွားသည့် CDM ကျောင်းသားများအနေနှင့် ၎င်းတို့ ရောက်ရှိနေသည့် နေရာ ဒေသများအပေါ် မူတည်ပြီး တော်လှန်ရေးအတွက် ကျရာကဏ္ဍများတွင် ပါဝင်လုပ်ဆောင်နေသည့်နည်းတူ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကြောင့် ပညာရေးကို အဆုံးရှုံးမခံပဲ ဆုံးခန်းတိုင်အောင် ဆက်လက် သင်ယူ စေလိုသည်ဟု မောင်ဝင်းအောင်ခန့်က ဆိုသည်။