စစ်ကောင်စီ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့နယ်အတွင်း လယ်သမားတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

လွိုင်ကော်မြို့နယ်အတွင်း စစ်‌ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် လယ်သမား တစ်ဦး ထိမှန်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် လယ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကျေးရွာနေပြည်သူများက ပြော သည်။

ကူညီဆောင်ရွက်ပေးနေသည့်အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက “သူက လယ်ထဲက ပြန်လာရင်း ထိတာ ပေါ့နော်။ လက်နက်ကြီးက ရွာပြန်လမ်း တံတားနားမှာ ကျတောပေါ့။ လက်နက်ကြီး ကျတာတော့ သူတို့နဲ့ နည်းနည်း လှမ်းတယ်။ တစ်လုံးထဲကျတာ သူတစ်ယောက်တည်း ထိသွားတာပေါ့။ ကျန်တဲ့ မိသားစုဝင်တွေ တော့ ဘာမှထိခိုက်မှု မရှိဘူး” ဟု ပြောသည်။

အဆိုပါ လက်နက်ကြီးမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည‌နေ ၃ နာရီခန့် အချိန်တွင် ကျောက်ကြီးရွာ တံတားအနီး၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအား ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

ယင်းကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး စစ် ကောင်စီတပ်များမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျောက်ကြီးကျေးရွာသို့ ရမ်းသန်းပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသူက ဆက်ပြောသည်။

လက်နက်ကြီးထိမှန်သူမှာ အသက် ၅၀ အရွယ် ဦးအောင်ဖေ ဖြစ်ပြီး လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာတွင် နေထိုင်သူ ဖြစ်သည်ဟု သိရသည်။ ၎င်းအား လက်နက်ကြီး ထိမှန်စဉ်က သတိ လစ် မေ့မျောခဲ့သော်လည်း လက်ရှိတွင် မစိုးရိမ်ရတော့ဘူးဟု ကူညီဆောင်ရွက်ပေးနေသူက ဆက်ပြောသည်။

“ဘယ်ဘက်တင်ပါးမှာ ထိတာ။ ထိသွားတာလည်း ယမ်းစသေးသေးလေးဆိုတော့ မစိုးရိမ်ရတော့ပါဘူး” ဟု ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၌ စစ်ကောင်စီက လက်နက် ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အောက် (ကလေးငယ်) တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။ ထို ၂ ဦးအနက် အသက် ၁၃ နှစ်အရွယ် ယောက်ကျား လေးဖြစ်သူမှာ နားရွက် ယမ်းစဖောက်ထွက်ဒဏ်ရာနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးဖြစ်သူမှာ လက်သန်း ပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ဖေ‌ဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုနှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သား ၁၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ပေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ပြောဆိုထားသည်။