စစ်ရှောင်တစ်ဦးအား သိန်း ၅၀ ရှိသဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

ပုလောတွင် ကျေးရွာဘုန်းတော်ကြီးကျောင်း၌ စစ်ဘေးရှောင်နေသူ အမျိုးသား တစ်ဦးကို ကျပ်ငွေသိန်း ၅၀ လက်ဝယ်ထားရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်များက စိုးရိမ်နေကြ သည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူမှာ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဆီတောင်ဘုန်ကြီးကျောင်းတွင် စစ်ရှောင်နေသူ ရှပ်ပုံရွာသား အသက် ၄၀ ဝန်းကျင်အရွယ်ရှိသူ ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“သူက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတာကြာပြီ။ စစ်တပ်က ရောက်လာပြီး စစ်ရှောင်တွေရဲ့ ဖုန်းနဲ့ အိတ် တွေကို လိုက်စစ်တဲ့အချိန် တွေ့သွားတာ။ ပိုက်ဆံသိန်းငါးဆယ်တွေ့တော့ စစ်ရှောင်တစ်ယောက်မှာ ဒီလောက် ပိုက်ဆံ ရှိနေတာ PDF တွေကိုလှူဖို့ ဖြစ်မယ်ဆိုပြီးဖမ်းသွားတာ” ဟု အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆီတောင်နှင့် ပန်းအို ဘုန်းကြီးကျောင်းတို့တွင် စစ်ရှောင်နေသည့် အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးနှင့် အရွယ်မရောက်သေးသည့် ကလေးများအား အုပ်စု ၃ စုခွဲ စစ်ဆေးချိန် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဖမ်းခံရသူ၏ အမျိုးသမီးဖြစ်သူက လိုက်လံရှင်းပြပြောဆိုခဲ့သော်လည်း ငါးထောင်တန်နှစ်အုပ် (၁၀ သိန်း) ကိုသာ ပြန်ပေးခဲ့ပြီး ကျန်ငွေ သိန်း ၄၀ နှင့် လူကိုမူ ပြန်လွှတ်မပေးဘဲ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

အခြားစစ်ရှောင် အမျိုးသား နောက်တစ်ဦးကိုလည်း PDF နှင့် ဆက်သွယ်မှုရှိနေသည်ဟု ဆိုကာ ထပ်မံ ဖမ်းဆီး သွားသေးသည်ဟု ဒေသခံများက ပြောသည်။

နောက်ထပ် ဖမ်းဆီးခံရဥည့် အမျိုးသားကိုမူ မိသားစုဝင်များက ၂ ရက်အကြာ ဖေဖေါ်ဝါရီလ ၂၂ရက်နေ့မှာ‌ ပိုက်ဆံ ပေးညှိနှိုင်းပြီး ပြန်သွားထုတ်နိုင်ခဲ့သော်လည်း ဆိုင်ကယ်နှင့်ဖုန်းကိုတော့ စစ်တပ်က သိမ်းယူထားဆဲဖြစ်သည် ဟု ဆိုသည်။

စစ်ရှောင်များ တည်းခိုနေသည့် ဘုန်းကြီးကျောင်းများအတွင်း ထားရှိသည့် ဆိုင်ကယ်များကိုလည်း ပိုင်ရှင်များ ဘုန်းကြီးကျောင်းတွင် ရှိမရှိ လူနှင့်တိုက်ကာ စစ်ဆေးခဲ့ပြီး ပိုင်ရှင်မရှိသည့် ဆိုင်ကယ် ၃ စီး ကိုလည်း သိမ်းယူ သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီက သိမ်းဆည်းသွားသည့် ဆိုင်ကယ်များကို ရှပ်ပုံကျေးရွာ၊ ဝါးတန်းရပ်ကွက်ရှိ လက်နက်ကြီး အထိုင် ချ တပ်စွဲထားသည့် ဝါးတန်းဘုန်းကြီးကျောင်း တောင်ကုန်းတွင် ထားရှိသည်ဟု ပြောသည်။

ရှပ်ပုံကျေးရွာတွင် ယခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားများ နေအိမ်ပြန်နိုင်ခြင်း မရှိဘဲ နီးစပ်ရာ လယ်ကွင်းများ၊ ဥယျာဉ်ခြံများနှင့် ဘုန်း ကြီးကျောင်းများတွင် ရွာလုံးကျွတ် စစ်ဘေးရှောင်တိမ်းနေကြရသည်မှာ ၂ လ နီးပါးခန့်ရှိနေပြီ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရှပ်ပုံကျေးရွာသည် အိမ်ခြေ ၂,၅၀၀ ကျော်၊ လူဦးရေ ၁၅,၀၀၀ ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ရေလုပ်ငန်း နှင့် ဥယျာဉ်ခြံလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင်ကြသည်။