ကော့သောင်းတိုက်ပွဲတွင် စစ်ကောင်စီ ၈ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြားက ကော့သောင်းတိုက်ပွဲတွင် နှစ်ဘက်ထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေ၊ အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့သည်။

ကော့သောင်းခရိုင်၊ မြန်မာ – ထိုင်းနယ်စပ်ရှိ ရှမ်းကိုးကျေးရွာ၊ ဝိုင်ဒင်းကျေးရွာတွင် ၃ နာရီကျော်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကော့သောင်း – ပကဖ ပြန်ကြားရေးတာဝန်ရှိသူက “ပြီးခဲ့တဲ့ ၆ ရက်လောက် ကတည်းက ခမောက်ကြီးဘက်က နေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ဒီဘက်ကို စစ်ကြောင်းထိုးဖို့လည်း စစ်တပ်က အင်အားစုနေတာ သတင်း ကြိုရထားတယ်” ဟု ပြောသည်။

KNU၊ KTLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကော့သောင်းခရိုင် အတွင်းရှိ အေးမြ မင်္ဂလာ၊ တပ်ဦးမြိုင်သာယာ၊ ဝိုင်ဒင်း၊ ပါကလပ်ကျေးရွာများအထဲတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နယ်မြေရှင်းလင်းရန် လက်နက်ကြီးကျည် ၂ချက်ပစ်ခတ်ခဲ့ပြီး ဝိုင်ဒင်းကျေးရွာသို့ စစ်ကြောင်းထိုး ရောက်ရှိလာ သည့် အင်အား ၁၇၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် – ၁ တပ်ရင်းက ဖေဖေါ်ဝါရီလ လ ၂၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်မှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး အယောက် ၅၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားသည် ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် ကော်သူးလေ Army မှ ရဲဘော်တစ်ဦးတို့ လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြသည်။

ဝိုင်ဒင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ရှမ်းကိုးကျေးရွာဒေသခံ ၁၃၆ ဦးမှာ ထိုင်းနိုင်ငံဘက်အခြမ်းသို့ စစ်ဘေးရှောင် နေကြရသည်ဟု ကော့သောင်း – ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအဖြစ် ယာယီနေထိုင်နိုင်ရန် ရွက်ဖျင်တဲ အပါအဝင် အစားအစာနှင့် ဆေးဝါးများကို ထိုင်းအစိုးရ အာဏာပိုင် တာဝန်ရှိသူများက လာရောက် ထောက်ပံ့ပေးထားသည်ဟု စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

အလားတူ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်ကလည်း ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီး မြို့ နယ်ခွဲအကြား မလိဝမ်းရေတံခွန် အနီး ပြည်ထောင်စု ကားလမ်းမကြီးဘေးရှိ စစ်ကောင်စီ ကင်းပုန်းစခန်းတစ်ခု ကို သွားရောက် ပစ်ခတ်ခဲ့ကြရာ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု ကော့သောင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထိုနေ့ နေ့လည်ပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်။

ကင်းပုန်းစခန်း ပစ်ခတ်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း အပြင် စစ်ရေးအရှိန်ကိုလည်း မြင့်သွားမည်ဟု ရေးသား ထုတ်ပြန်ထားသည်။