မီးဖွားပေးရန် လာသည့် CDM ဆရာမ အလောင်းသာ တွေ့ရ၊ လိင်အကြမ်းဖက်မှု လက္ခဏာများတွေ့ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။

ပဲခူးတိုင်း အုတ်ဖိုတွင် ကိုယ်ဝန်သည်တစ်ဦးကို မီးဖွားပေးရန်ဆင်းလာသည့် CDM သူနာပြုတစ်ဦး၏ အလောင်းကို ရှာတွေ့ပြီး မြေမြုပ်သင်္ဂြုလ်ပေးသည်ဟု အုတ်ဖို PDF အဖွဲ့က တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲတွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် CDM သူနာပြု ဆရာမ မမေဇွန်မိုး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အုတ်ဖို PDF အဖွဲ့က တာဝန်ရှိသူတစ်ဦး က ”ဆရာမလေးက အုတ်ဖိုမြို့ ဥသျှစ်ကုန်းကျေးရွာအုပ်စု ကြပ်ကွင်း ရွာ ကပါ။ အေးမြသာယာ ဆေးရုံကနေ CDM ဝင်ထားတဲ့ ဆရာမ PDF ရဲ့ မိန်းမ မီးဖွားပေးဖို့ ဆင်းလာတာမှာ အဖမ်းခံ ရတာ” ဟု ပြောသည်။

PDF ရဲဘော်တဦး၏မိန်းမကို မီးဖွားပေးရန် ဆင်းလာစဉ် စစ်ကောင်စီတပ်များနှင့်တွေ့ပြီး ဖမ်းဆီးအသတ်ခံရခြင်း ဖြစ်သည်ဟု အသက် ၅၀ နှစ်အရွယ် အုတ်ဖိုမြို့ခံတစ်ဦး က ပြောသည်။

CDM သူနာပြု ဆရာမ မမေဇွန်မိုး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

သူနာပြုဆရာမကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကတည်းက အုတ်ဖိုမြို့မှ တဆင့် ပဲခိုးရိုးမ အဝင်လမ်းတနေရာတွင် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေရာမှ တပတ်ခန့်အကြာတွင် အလောင်းရှာတွေ့ ခဲ့ခြင်းဖြစ်သည်။

ဆရာမ ဝတ်ဆင်ထားသည့် အဝတ်အစားများကို ထန်းပင်ကုန်းအရှေ့ဘက် ချောက်တခုထဲတွင် တွေ့ခဲ့ရပြီး စစ် တပ်က မသတ်ခင် မုဒိန်းမှုကျူးလွန်ခဲ့သည့် အထောက်အထားများကို ရရှိခဲ့သည်ဟု PDF တာဝန်ရှိသူ တစ်ဦး က ပြောသည်။

PDF တာဝန်ရှိသူ တစ်ဦး က ”အန္တရာယ်ရှိတဲ့ အနေအထားကြောင့် သတင်းအပြည့်အစုံ မထုတ်သေးဘူး။ မုဒိန်း ကျင့်တဲ့ လူလည်း သိထားရသလို မျက်မြင်လည်းရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီက အလောင်းဖျောက်ဖျက်ရန်မီးရှို့ထားခဲ့ပြီး မီးအကုန်မလောင်သည့် ရုပ်အလောင်း အပိုင်းကို တော် လှန်ရေး ရဲဘော်များက မြေမြုပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ သူနာပြုဆရာမနှင့်အတူ PDF ရဲဘော် ၂ ဦးကို လုံခြုံရေးအတွက် အဖော်ထည့်ပေးလိုက်ရာ အဆိုပါ ရဲဘော်နှစ်ဦးကိုလည်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ဇန္နဝါရီလ ၂၉ ရက်နေ့တွင် ပစ်သတ်ခံလိုက်ရ သည်ဟု အုတ်ဖို PDF တာဝန်ရှိသူက ပြောသည်။

သူနာပြုဆရာမ မေဇွန်မိုး အသတ်ခံထားရသည့် ထန်းပင်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချထား သည့်အပြင် သူမအသတ်ခံရမှုအတွင်း ပျူစောထီးအဖွဲ့ဝင် ကိုမျိုးဝင်းသူလည်း ပါသည်ဟု ဆိုသည်။

သူနာပြု ဆရာမ မေဇွန်မိုးသည် ကိုအောင်ဇင်ဆိုသူနှင့် လက်ထပ်ပြီး ၃ လ မပြည့်ခင် သူမ၏ ခင်ပွန်းဖြစ်သူသည် ပုဒ်မ – ၅၀၅ နှင့် အဖမ်းခံထားရပြီး သာယာဝတီထောင်တွင် ထောင် ၃ နှစ် ကျခံနေရသည် ဟု နီးစပ်သူများက ပြောသည်။