ဆင် မုဆိုးများ ပုသိမ် သစ်တောများအတွင်း ရောက်နေဟု ဒေသခံများ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့နယ်များအတွင်းရှိ သစ်တောများထဲတွင် တရားမဝင် ဆင်သတ်မုဆိုးများ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

တောဆင်ရိုင်းများ ကျက်စားရာ ဒေသဖြစ်သည့် ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့နယ် များရှိ ရခိုင်ရိုးမ တောင် စွယ်က တောတောင်များ၏ အနီးဆုံးနေရာများထဲသို့ ဆင်သတ်မုဆိုးများ အဖွဲ့ခွဲပြီး ရောက်ရှိလာခြင်း ဖြစ်သည်။

“အဖွဲ့လိုက်ခွဲပြီး ရောက်နေကြတာ။ ငပုတောက မော်တင် ဘုရားပွဲတော် သာပေါင်းက တောင်ညိုဘုရားပွဲတော် ပုသိမ်က ဒီပါရုံဘုရားပွဲတော်တွေကို အကြောင်းပြ ဝင်လာတာ” ဟု ဒေသခံ ဆင်ချစ်သူများ အသင်းဝင် တစ်ဦး က ပြောသည်။

မြို့နယ် ၃ မြို့နယ်၏ ဘုရားပွဲ ရာသီချိန်တွင် ဘုရားဖူး ခရီးသည်နှင့် နယ်လှည့်ဈေးသည် ဟန်ဆောင်၍ ရောက်ရှိ နေကြပြီး အနည်းဆုံး ၃ ဦးပါဝင်သော အဖွဲ့ ၈ ဖွဲ့ ခန့် ရောက်ရှိနေသည်ဟု တောဆင်ရိုင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “ဘုရားပွဲတော် ကာလနဲ့ သင်္ကြန်ကာလဆိုတော့ အနယ်နယ်ကလာတဲ့ သူတွေ များတယ်လေ။ အဲ့တော့ မုဆိုးတွေ ဆင်စွယ်နဲ့ ဆင်ကရတဲ့ ပစ္စည်းတွေရယ် တောရိုင်း တိရိစ္ဆာန်နဲ့ တောထွက် ပစ္စည်းရောင်း ဝယ် တဲ့ မှောင်ခိုသမားတွေ အတွက် အကွက်ကောင်းပေါ့” ဟု ပြောသည်။

ဘုရားပွဲတော်ကာလနှင့် သင်္ကြန်ကာလ ရောက်တိုင်း ယင်းဒေသများ အတွင်း လှည့်လည် ကျက်စားနေသည့် တောဆင်ရိုင်းများကို မုဆိုးများက လာရောက် သတ်ဖြတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်ဒေသခံ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးက “အရင်ကတော့ သစ်တောရဲ၊ သစ်လုပ်ငန်း ဦးစီးဌာနနဲ့ ဒေသခံ တောဆင်ရိုင်း ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတဲ့ စခန်းကြီး ၃ ခု ဖွင့်ပြီး တော ဆင်ရိုင်းတွေကို ထိန်းသိမ်းစောင့် ရှောက်ခဲ့တယ်” ဟု ပြောသည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တောဆင်ရိုင်းများကို ထိန်းသိမ်း စောင့်ရှောက်ရန် ယင်း သစ် တောများအတွင်း သစ်တောရဲများနှင့် ပူးပေါင်းအဖွဲ့များက ကင်းမလှည့်နိုင်တော့ဟု ၎င်းအဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပုသိမ်မြို့နယ် ချောင်းသာဒေသ၊ ကန်ကြီးကျေးရွာ အုပ်စု၊ ငပိန်ဒလယ် ကျေးရွာ အရှေ့တောင်ဘက်၌ အမြင့် ၈ ပေခွဲရှိ ဟိုင်းဆင်အမျိုးအစား တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခံခဲ့ ရသည်။

၂၀၂၂ ခုနှစ်အတွင်းက ငပုတော နှင့် ပုသိမ်မြို့နယ် သစ်တောများ အတွင်း တောဆင်ရိုင်း ၄ ကောင်ထက် မနည်း သတ်ဖြတ်ခံခဲ့ရပြီး ၂၀၂၃ နှစ်အစတွင် တောဆင်ရိုင်း တစ်ကောင် အသတ်ခံခဲ့ရသော်လည်း ဆင်သတ် မုဆိုးများ ကို ဖမ်းဆီးရမိခြင်း မရှိခဲ့ဟု ဒေသခံဆင်ချစ်သူများအသင်းတာဝန်ရှိသူများက ဆိုသည်။