ခိုးဝင် တရုတ် ၇ ဦး အင်းတော်တွင် ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။

စစ်ကိုင်းတိုင်းအတွင်း တရားမဝင် တရုတ်နိုင်ငံသား ၇ ဦးအား အင်းတော်မြို့နယ် PDF စစ်ဆေးရေးဂိတ်၌ ဖမ်း ဆီးရမိခဲ့သည်ဟု အဆိုပါ ဂိတ်နှင့် နီးစပ်သူများက ပြောသည်။

တရားမဝင် တရုတ်များအား ပို့ဆောင်ပေးသူများတွင် ဒေသခံ ပကဖများ ပါဝင်ပတ်သက်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုထဲက အိုက်မကျေးရွာအနီးတွင် အဆိုပါ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “၃ ယောက်က ဂိတ်မှာ မိတယ်။ ၄ ယောက်က ထွက်ပြေးတယ်။ စောဘမြင့်ပါတာ လည်း သေချာပြီ။ သူက တရုတ်ကို ပစ်ချပြီးမှ ထွက်ပြေးတာပါ။ ပထမတစ်ခေါက်က လွှတ်ပေးပြီးပြီ။ ဗီဇာ မရှိ ဘာမရှိ ဘာမှအထောက်အထားမရှိဘဲ ဗမာပြည်ထဲ နေတာ။ ဗမာစကားတောင် မပြောတတ်ဘူး။ ဂိတ်မှာ မိတာ။ ဂိတ်မှာမိတာကို မျိုးထက်ရဲ့လူ ဟေမာထက်တို့၊ စောဘမြင့်တို့က ခိုးထုတ်တာ။ ခိုးထုတ်တာကို အခုက မိသွား တာ ပကဖတွေက” ဟု ပြောသည်။

အထောက်အထားမဲ့ တရားမဝင် တရုတ်နိုင်ငံသားများအား အခကြေးငွေယူက ကယ်ရီသယ်ပေးနေသူများသည် ဒေသခံတွင်းရှိ အင်းတော် ပကဖ ခေါင်းဆောင် ကိုမျိုးထက်၏ တပည့်များဖြစ်သည့် အမျိုးသမီးတစ်ဦးနှင့် ကိုစောဘမြင့် ဆိုသူတို့ ဖြစ်သည်ဟု အင်းတော် PDF ဂိတ်နှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသား ၇ ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နေ့လည်ပိုင်းက ကယ်ရီအငှား ဆိုင်ကယ် ၃ စီးဖြင့် PDF စစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသွားသည်ကို သတင်းရရှိပြီးနောက် လိုက်လံရှာဖွေဖမ်းဆီးချိန် အိုက်မ ကျေးရွာအနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သို့သော် အင်းတော် ပကဖ ခေါင်းဆောင် ကိုမျိုးထက်၏ တပည့်များဖြစ်သည့် ကိုစောဘမြင့်ဆိုသူနှင့် အမျိုးသမီး တစ်ဦးတို့သည် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

ထို့အပြင် တရားမဝင် တရုတ်နိုင်ငံသား ၇ ဦးဖမ်းဆီးခံရသည့် အမှုထဲတွင် ကသာ PDF တပ်ရင်း ၂ မှ အဖွဲ့ဝင် တစ်ဦးလည်း ပါဝင်ပတ်သက်နေပြီး ၎င်းအားလည်း ဖမ်းမိထားသည်ဟု အင်းတော်မြို့နယ် PDF စစ်ဆေးရေး ဂိတ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“အဲ့ထက်ဆိုးတာက ပို့တဲ့လူတွေထဲ ဘောကြီးဆိုတဲ့လူတစ်ယောက်ပါတယ်။ သူက PDF နော်၊ သူ့ကိုတော့ ဖမ်း မိခဲ့တယ်။ အခုတော့ သက်ဆိုင်ရာကို အကြောင်းကြားပြီး အကုန်အပ်လိုက်ပြီ။ အပ်လိုက်တော့ ဘောကြီးဆိုတဲ့ ကောင်လေးကတော့ တရုတ်နိုင်ငံသားတွေနဲ့ အတူပါသွားတာပေါ့အေ။ တရုတ်တွေကို လိုက်ပို့တဲ့ အရပ်သား ၃ ယောက်လည်း ပါသွားတယ်။ ဖမ်းခံရတဲ့ တရုတ်တွေဆီမှာ ဘာမှတော့မပါဘူး။ ဖုန်းရယ် တရုတ်ငွေလေးတွေ ပါတယ်ပေါ့။ အကုန်လုံးကို ပလတွေလက်ထဲ အပ်လိုက်ပါတယ်။”

ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများအပါအဝင် ကယ်ရီသမားများနှင့် ကသာ PDF တပ်ရင်း ၂ မှ ကိုဘောကြီး ဆိုသူတို့ကို အင်းတော်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ခေါင်းဆောင်များအား အကြောင်းကြားကာ ဥပဒေ အတိုင်းအရေး ယူရန် အပ်နှင်းလိုက်ပြီဟု ဆိုသည်။

တော်လှန်ရေးအဖွဲ့များထဲတွင် အကျင့်ပျက်ချစားမှုများ ကင်းစင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေ ဖြင့် ထိရောက်စွာ ကိုင်တွယ်စေလိုသည်ဟု ဒေသခံများနှင့် PDF အဖွဲ့များက လိုလားသည်ဟုလည်း ဆိုကြသည်။