အရပ်သား ၅ ဦး မိုင်းထိပြီး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။

ကန့်ဘလူမြို့နယ်ထဲက ဒေသခံပြည်သူ ၅ ဦး မိုင်းထိမှန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု ဒေသခံ များက ပြောသည်။

ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက် ပိုင်းက ဒေသခံပြည်သူ ၅ ဦး မိုင်းထိမှန်ခဲ့ခြင်း ဖြစ်သည်။

“အနောက်ညောင်စင်ကြားထဲဖြစ်တယ်။ ပျူတွေက ထောင်ထားတာ ဖြစ်ဖို့များတယ်တဲ့။ ပျူတွေက သူတို့ရွာ က လူတွေ ထွက်ပြေးနေလို့ ထွက်မပြေးရဲအောင် မိုင်းတွေ ထောင်ထားတာလို့ ပြောတယ်။ စျေးသည် လင် မယားလည်း ထိတယ်။ သူတို့ကတော့ မစိုးရိမ်ရဘူး။ နောက် အဲ့ဒီက ရွာခံ ၃ ယောက်ကတော့ စိုးရိမ်ရတယ်။ မိန်းကလေးတစ်ယောက်က ပိုစိုးရိမ်ရတယ်။ အဲ့ ၅ ယောက်ဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းထိမှန်ထားသူများထဲတွင် ညောင်ဇင်ကျေးရွာသို့ ဂွေးကုန်းကျေးရွာ (ကာဘိုးဆည်အနီး) ဘက်မှ ဆိုင်ကယ်ဖြင့် ဈေးလာရောင်းသည့် ဈေးသယ်လင်မယားနှစ်ဦးနှင့် ရွာထဲမှ အရပ်သားပြည်သူ ၃ ဦး တို့ပါဝင်သည်။

အဆိုပါ ပြည်သူ ၅ ဦးစလုံးမှာ သင်ပေါင်းကျင်းနှင့် ညောင်ဇင်ကျေးရွာကြားရှိ ကျေးရွာ အဝင်အထွက်လမ်းများ၌ ပျူစောထီးများထောင်သည့် မိုင်းထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းတို့အား “ကန့်ဘလူဆေးရုံကို အကုန်လုံးကို ခေါ်သွားတာတဲ့။ ကန့်ဘလူဆေးရုံရောက်တော့ ဆရာဝန်မရှိ လို့ ဆိုပြီး မန္တလေးကို လွှဲလိုက်တာ။ အခု အဲ့ဒီ ၅ ယောက်လုံး မန္တလေးမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် ပြည်သူများမှာ ဂွေးကုန်းကျေးရွာ စျေးသည် လင်မယားနှစ်ဦးဖြစ်သည့် ကိုဇော်မှတ်နှင့် မစုစုဇင်တို့ဖြစ်ပြီး ညောင်ဇင်ရွာသား ၃ ဦးလည်းပါဝင် ဖြစ်သည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူစောထီးများနေထိုင်သည့် ကျေးရွာများ အနီးအနားနေရာအများစုတွင် နယ်ခံ ပျူ စောထီးများက မိုင်းထောင်ထားသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ မိုင်းထောင်ထားခြင်းမှာ နယ်ခံပျူစောထီးများအား PDF အဖွဲ့များက လာတိုက်မည်ကို စိုးရိမ်သဖြင့်ထောင် ထားခြင်းနှင့် ကျေးရွာနေ ပြည်သူများ ထွက်မပြေးနိုင်ရန် ဓားစာခံပြုလုပ်ထားသည့် သဘောမျိုး ဖြစ်နေသည်ဟု ဆိုသည်။

ကန့်ဘလူဒေသခံတစ်ဦးက “အခုက ဒီဘက်မှာက ပျူရွာတွေမှန်သမျှက ရွာသားတွေက အပြင်သွားခွင့်မရှိဘူး။ စစ်တပ်ထိုင်ထားတဲ့ရွာတွေက။ အပြင်သွားလို့ ပြန်လာရင်လည်း အရေးယူတာတွေ ဘာတွေလုပ်တယ်။ ပျူ တွေက ဖမ်း၊ စစ်တပ်ကို ပို့ပေါ့။ ဟိုရက်ကတော့ ထွက်သွားတဲ့လူတွေ မနက် ၆ နာရီမှာ ပြန်လာတာကို ပျူတွေ က ဖမ်းပြီးရိုက်သေးတယ်” ဟု ပြောသည်။

ယခုမိုင်းပေါက်ကွဲသည့် ညောင်ဇင်ကျေူရွာသည် ရွာခံပျူစောထီး အတန်အသင့် အားကောင်းသည့်ကျေးရွာ တစ်ရွာ ဖြစ်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တုန်းကလည်း ၎င်းတို့ထောင်ထားသည့် မိုင်းကြောင့် လယ်တောသို့ သွားသည့် ပြည်သူတစ်ဦးနှင့် နွား ၂ ကောင် ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။