ပုလောမြို့နယ်အတွင်း ကျေးလက်သို့ လောင်စာဆီ သယ်ယူရောင်းချခွင့် ပိတ်ပင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်။
စစ်အုပ်ချုပ်ရေးဒေသ အဖြစ် ကြေညာခံထားရသည့် ပုလောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များမှလွဲ၍ ကျေးရွာ များသို့ ဓာတ်ဆီ၊ ဒီဇယ် အပါအဝင် လောင်စာဆီများ သယ်ယူရောင်းချခွင့် စစ်ကောင်စီမှ ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။
ပုလောမြို့ပေါ်ရှိ ရပ်ကွက် ၅ ရပ်ကွက်မှ လွဲပြီး ကျန်သည့် ပလမြို့၊ ပလောက်မြို့နှင့် ကျေးရွာများအပြင် KNDO လွတ်မြောက် နယ်မြေများထဲကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီက ဓာတ်ဆီနှင့် ဒီဇယ် သယ်ယူခွင့် ကန့် သတ်လိုက်ခြင်းဖြစ်သည်။
ရော်ဘာခြံလုပ်ကိုင်နေသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “မြို့အဝင်အထွက် ဂိတ်တွေမှာ ဓါတ်ဆီ ဘူး ပါ မပါ စစ်တယ်။ မြက်ခုတ်စက်သုံးဖို့ ဓါတ်ဆီ တစ်ဂါလံဝယ်လာတာ တစ်ပုလင်းထက် ပိုတာတွေ့လို့ ဆိုပြီး စစ်တပ်က ချက်ချင်း သိမ်းတာ မနေ့က ခံခဲ့ရတယ်။ လူကို ဘာမှမလုပ်တာ ကံကောင်းတယ်” ဟု ပြောသည်။
စစ်ကောင်စီမှ မြို့ပြင်သို့ သွားသည့် ဆိုင်ကယ်များနှင့် ကားများကို တစ်လီတာ မပြည့်သည့် ပုလင်းအရွယ် တစ်ပုလင်းကိုသာ သယ်ယူခွင့်ပြုပြီး ပုလောမြို့ပေါ်ရှိ အမှတ် ၁ မှ အမှတ် ၅ အထိ ရပ်ကွက် ၅ ခု တို့ကို မူ ဓာတ်ဆီ စိတ်ကြိုက် သယ်ယူခွင့်ပြုထားသည်ဟု မြို့ခံများက ပြောသည်။
ယခုကဲ့သို့ ပိတ်ပင်လိုက်သည့်အတွက် KNDO အုပ်ချူပ်နေမြေများဖြစ်သည့် ဆားခဲရွာ၊ ဒူးရင်းပင်ရှောင်ကျေးရွာ တို့မှ ရွာသူရွာသားများ၊ ဆိုင်ကယ်မောင်းနှင်သူများနှင့် မြက်ခုတ်စက်၊ မီးစက်၊ ရေတင်စက်များ မောင်းနှင်ခြင်းတို့ ကို မပြုလုပ်နိုင်တော့ဘဲ များစွာ အခက်အခဲ ဖြစ်နေကြသည်ဟု ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။
ဂိတ်များတွင် စစ်ဆေးခံရသည့် အချိန်များတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နယ်မြေ စိုးမိုးထား နိုင်သည့် ပုလောဖျား အုပ်စု၊ နန်းတောင်အုပ်စု၊ မိကျောင်းသိုက်အုပ်စု၊ ကဒဲကျေးအုပ်စုများမှ ဒေသခံများအား ပိုပြီးစစ်ဆေးခံနေရ သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်မှ PDF တပ်ဖွဲ့ဝင်များ ရှိရာ လွတ်မြောက်နယ်မြေအထိ နယ်မြေရှင်းလင်းရေး ပြုလုပ်နိုင်ရန် အတွက် ဖြတ်လေးဖြတ်လုပ်ရန် ခြေလှမ်းစခြင်း ဖြစ်နိုင်သည်ဟု ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRDF တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် အဓိကဖြစ်တဲ့ ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို ဖြတ်တောက် လိုက်သည့် အပြင် ဆက်သွယ်ရေးလိုင်းများကိုပါ မကြာခင်ဖြတ်တောက်လာနိုင်သည်ဟု PRDF တာဝန်ရှိသူက ပြောသည်။
အလားတူ စစ်အုပ်ချုပ်ရေး ဒေသဖြစ်သည့် ပုလောမြို့နယ်ထဲ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက ဆန် သယ် ယူခွင့် ကန့်သတ်ခံထားရပြီး ပုလောမြို့ပေါ်ရှိ ရပ်ကွက်များတွင် အနည်းငယ် သယ်ယူခွင့်ရသော်လည်း နယ်ကျေးရွာများသို့ ယခုအချိန်ထိ သယ်ယူခွင့် ပိတ်ထားဆဲ ဖြစ်သည်။