တနင်္သာရီတွင် အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးကျော်ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အမျိုးသမီးများအပါအဝင် ဒေသခံ ၁၀ ဦးကျော်ကို နေအိမ်များ၌ ညဘက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့ပေါ်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်ကစပြီး ချောင်းကြီးရပ်နှင့် ချောင်း ငယ်ရပ်ကွက်တို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။
အဖမ်းခံရသူ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ဖမ်းတဲ့ အထဲမှာတော့ စစ်တပ်ရော ရဲတွေရောပါတယ်၊ အဖမ်းခံရတာတော့ ဆယ်ယောက်ကျော်တယ်လို့ပဲ သိရသေးတယ်။ အိမ်တွေ ဝင်တဲ့အခါ ဖုန်းတွေလဲစစ်တယ်။ ပြီးမှဖမ်းသွားတာပါ” ဟု ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် လူငယ်များအပြင် အသက်ကြီးပိုင်းအချို့နှင့် လက်ရှိ စစ်ကောင်စီမှ ဖွင့်ထားသည့် ကျောင်းများတွင် စာသင်ကြားပေးနေသည့် ဆရာမများလည်း ပါဝင်နေသည်။
၎င်းတို့သည် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ ညနေပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာကြခြင်း မရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြသည်။
ထို့အပြင် ဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များမှာ ယနေ့အချိန်ထိ အဆက်အသွယ် မရေးသေးဘူးဟု ဆိုကြသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က တနင်္သာရီမြို့မှ ညအိပ်ပြီး ပြန်သည့် ဆင်ခြေဖုံးကျေးရွာ အုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုး လယ်တောင်ယာကျေးရွာ အနီး ပစ်သတ်ခံခဲ့ရခြင်းနှင့် ပတ်
သက်၍ ယခုကဲ့သို့ ပြည်သူများကို စစ်တပ်က ဖမ်းဆီးနေခြင်းမျိုး ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုသည်။
တနင်္သာရီမြို့ပေါ်၌ ပြီးခဲ့သည့် ၂၀၂၁ ခုနစ် သြဂုတ်လအတွင်းကလည်း မြို့ခံအများအပြား ပထမအကြိမ်အဖြစ် ဖမ်းဆီးခံခဲ့ရဖူးပြီး ယခုဖမ်းဆီးမှုသည် ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆို ကြသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များမှ မြို့အဝင်အထွက်များ၌ စစ်ဆေးရေးဂိတ်များချထားကာ တင်းကြပ်စွာ စစ် ဆေးမှုများ ပြုလုပ်နေပြီး မြို့ပေါ်ရှိ အုပ်ချုပ်ရေးရုံးနှင့် ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးများလည်း တိုးမြှင့်ချ ထားသည်ဟု ဒေသခံများက ဆိုသည်။