အရပ်သားများ အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ကော်မတီ စုံစမ်းစစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် အရပ်သားပြည်သူ ၉ ဦးအား သတင်းပေးဒလန် အဖြစ် စွပ်စွဲကာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့က သတ်လိုက်ခြင်း ဖြစ်သည်ဟု အမှုမှန်ပေါ် ပေါက်ရေး ကော်မတီတာဝန်ရှိသူများက ပြောသည်။

အမျိုးသမီး ၂ ဦးနှင့်အတူ အမျိုးသား ၇ ဦး၊ စုစုပေါင်း အရပ်သား ၉ ဦး အသတ်ခံလိုရသည့် ကိစ္စနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိရေးတို့အတွက် ကော်မတီတရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေပြီဟု တာဝန်ရှိသူများက ပြောသည်။

အမှုမှန်ပေါ်ပေါက်ရေး ကော်မတီက တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ လက်ရှိအနေအထားမှာကတော့ အဲ့မှာ သက်ဆိုင်တဲ့ မိသားစုတွေရဲ့ တောင်းဆိုချက်အရ ဒီဘက်က ရွာခံ နယ်ခံက ရပ်မိရပ်ဖတွေနဲ့ ကော်မရှင်ဖွဲ့ပြီးမှ အမှုမှန်ပေါပေါက်ဖို့အရေး ကျနော်တို့က လိုက်ပေးနေတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ ကျနော်တို့ တောင်း ဆိုထားတာကလည်း သူတို့ကို သူတို့ဖွဲထားတဲ့ ကော်မရှင်နဲ့ ကျနော်တို့ ဖွဲ့ထားတဲ့ ကော်မရှင် မျက်နှာချင်းဆိုင် စုံပြီးမှ အမှုမှန်ဖော်ထုတ်ရမယ်ဆိုပြီး အဲ့လိုမျိုးတောင်းဆိုထားတာမျိုး ရှိတယ်။ ဒါပေမယ့် သူတို့ဘက်က ဒီနေ့ချိန်ထိ အဲ့လိုမျိုး ပုံစံတွေ မရှိသေးဘူးပေါ့” ဟု ပြောသည်။

အရပ်သား ပြည်သူ ၉ ဦး အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ အမှုမှန် စုံစမ်းစစ်ဆေးနိုင်ရေး သက်ဆိုင်ရာ အသင်းတော်အသီးသီးမှ တာဝန်ရှိသူများ၊ မူးယစ်နှိမ်နင်းတိုက်ဖျက်ရေး အဖွဲ့များနှင့် မိသားစုဝင်များ ပူးပေါင်း ကာ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။

အလားတူ ဗန်းမော်မြို့ ခရစ်ယာန်အသင်းတော်ကလည်း ဗန်းမော်မြို့မှ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများ ကို တာဝန် ယူ ရှာဖွေပေးရန် စာထုတ်ကာ KIA ကို တောင်းဆိုထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေဖြင့် ကျူးလွန်သူများကို ဖမ်းဆီးကာစစ်ဆေးမှုများ ပြုလုပ်နေပြီဟု သိရသော်လည်း နှစ်ဖက်ကော်မတီများ တွေ့ဆုံ၍ အမှုမှန်ဖော်ထုတ်ရေး ညှိနှိုင်းပြောဆိုထားသော်လည်း တစ်စုံ တစ်ရာ တရားဝင် အကြောင်းကြားပေးခြင်းမျိုး မရှိသေးဘူးဟု ပြောသည်။

ဖြစ်စဉ်အပြင် KIO/KIA ၏ စုံစမ်းစစ်ဆေးမှု အခြေအနေများနှင့်ပတ်သက်၍ KIO ပြန်ကြားရေး တာဝန်ရှိသူအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

အသတ်ခံလိုက်ရတဲ့ ပြည်သူ (၉)ဦးမှာ မိတ်ဆွေများ ဖြစ်ကြပြီး ဇန်နဝါရီလ (၂၄) ရက်နေ့က ဆားမှော်၊ နမ္မတီး၊ ဗန်းမော် စသည့် မြို့နယ်များမှ မိုးကောင်းမြို့ရှိ အသိမိတ်ဆွေ ဦးကျော်စိုးထံ လာလည်ကြချိန် KIA၊ PDF ပူး ပေါင်းအဖွဲ့များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အမှုမှန်ပေါ်ပေါက်ရေး ကော်မတီက တာဝန်ရှိသူ တစ်ဦးက “ကျော်စိုး ဆိုသူကလည်း နွား အရောင်းအဝယ် လုပ် တယ်။ ပြီးလို့ရှိရင် လူမှုရေးဆိုင်ရာ ကိစ္စလည်း သူထဲထဲဝင်ဝင် ကူညီပေးတယ်။ လဝါးရွာက နယ်ခံတွေပေါ့ နော်။ နောက်ကျန်တဲ့လူတွေကလည်း အမျိုးသမီးတွေကလည်း သူတို့လည်း ခြံလုပ်တဲ့ အခါမှာ အလုပ်သမား လိုလို့ရှိရင် ဦးကျော်စိုးက ခေါ်လေ့ရှိတယ်။ နောက် ဦးလဇွမ်တူးလွမ့်တို့ မိသားစုဆိုရင်လည်း ၅ ယောက်စလုံး ပါတယ်။ သူတို့ဆိုလို့ရှိရင် အသင်းတော်ဆိုင်ရာ ကိစ္စတွေ လုပ်နေတယ်” ဟု ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူများမှာ မအင်ဒေါင်နန်လွမ်၊ ဒေါ်ဖောင်မခေါန်ဘူ၊ ဦးဖိုးတုတ် (အသက် ၂၃ နှစ်)၊ ဦးထွန်းယုံ (အသက် ၂၇ နှစ်)၊ ဦးလဇွမ်ထွယ်ရှောင် (ခ) ထွန်းအေး (အသက် ၃၅ နှစ်)၊ ဦးလဇွမ်တူးလွမ့် (အသက် ၅၄ နှစ်)၊ ဦးကျေး နှင့် ဦးယောဟန် တို့ ဖြစ်ကြသည်။

၎င်းတို့သည် သာမန်အရပ်သားပြည်သူများ ဖြစ်ကြပြီး နမ္မတီးမြို့နေ ဦးယောဟန်ဆိုသူမှာလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့တွင် ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော ဇန္နဝါရီလ ၂၄ ရက်နေ့၊ ည ၈နာရီကျော် ဝန်းကျင်အချိန်ခန့်တွင် KIA နှင့် PDF ဟု ယူဆသောသူ ၁၀ ဦး ကျော်ခန့်က လဝါးရှိ ဦးကျော်စိုး၏ ခြံဝင်းထဲတွင် ရှိနေသည့် ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားပြီး၊ ဇန္နဝါရီလ ၂၅ ရက် နေ့တွင် ကျန်နေသေးသူနှစ်ဦးကိုပါ ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက အမှုမှန်ပေါ်ပေါက်ရေး ကော်မတီကို ပြောသည်။

လက်ရှိတွင် အရပ်သား ၉ ဦးကို သတ်ခဲ့သည့် KIA နှင့် PDF ပူးပေါင်းတပ်မှာ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၂၀ မှ ရဲဘော်များဖြစ်ကြောင်း ကော်မတီက စုံစမ်းသိရှိထားရပြီး သေဆုံးသူများတွက် တရားမျှတမှု အမြန်ရေးရရှိအောင် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သင့်သည်ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။

“သူတို့ရဲ့ အဖွဲ့အစည်းရဲ့ ပေါ်လစီနဲ့ မဟုတ်ဘဲနဲ့ သူတို့ အောက်ခြေ သားတွေရဲ့ မဆင်မခြင်မှုကြောင့် မှားခဲ့တဲ့ အမှားပေါ့နော်။ သူများ သတင်းအမှားပေးတိုင်း အဲ့ဒီသတင်းအမှားတွေကို ယုံလို့ လက်လွန်ခဲ့တဲ့ ကျူးလွန်ခဲ့ တာကို ပထမဦးဆုံး ဒီသူတို့ရဲ့ KIO အဖွဲ့အစည်းနဲ့ တောင်းပန်သင့် တယ်။”

အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး စုံစမ်းဆေးမှုများ ပြုလုပ်နိုင်ရေး မိသားစုဝင်များပါဝင်သည့် အဆိုပါ ကော်မတီ က လဝါးကျေးရွာတွင် သွားရောက်ကြည့်ရှုချိန် ကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ ကျင်းတစ်ကျင်းထဲတွင် အလောင်း ၇ လောင်းကို ထည့်ထားပြီး ကျန်နှစ်ဦးကိုမူ နောက်ထပ်ကျင်းတစ်ကျင်းတွင် မြုပ်ထားသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် အသတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းကို ပြန်လည်တူးဖော်ခဲ့ပြီး ဆုတောင်းပွဲ လုပ်ကာ မီးရှို့သဂြိုဟ်မှု ပြုလုပ်ပြီးစီးသွားပြီဆိုသည်။