မော်လမြိုင်မီး ကလေးတစ်ဦးနှင့် အဖိုးအိုတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး သေဆုံးသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မတ်လ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲဝန်းကျင် အချိန်ခန့်က အေးသာယာရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သည့်အပြင် နေအိမ်အချို့လည်း မီးလောင်သွားခဲ့ခြင်း ဖြစ်သည်။
“အိမ်ကတော့ ၄ လုံး လောင်သွားတယ်။ မီးစလောင်တဲ့ အိမ်ရဲ့ ဘေးအိမ်မှာ လေဖြတ်ထားတဲ့ အဘိုးနဲ့ ၄ နှစ်ခွဲ ကလေးကတော့ သေဆုံးသွားခဲ့တယ်” ဟု အေးသာယာရပ်ကွက်နေသူတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့၊ အေးသာယာရပ်ကွက်၊ ဘဲကုန်းစျေး အနောက်ဘက်ရှိ နေအိမ်တစ်အိမ်တွင် လျှပ်စစ်ထမင်း ပေါင်းအိုး တည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မီးလောင်မှုကြောင့် အသက် ၄ နှစ်ခွဲအရွယ် ကလေးတစ်ဦးနှင့် အသက် ၈၀ အရွယ် လေဖြတ်ထားသည့် အဘိုးအို တစ်ဦး သေဆုံးသွားခဲ့ပြီး ပျဥ်ထောင်အိမ် ၄ လုံး လောင်ကျွမ်းပျက်စီးသွားခဲ့သည်။
မီးကို မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့၊ ပရဟိတ အဖွဲ့ အစည်းများနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၃ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ သည်ဟု လူမှုကယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် နေအိမ် ၈ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးသွားခဲ့သည့် ဖြစ်စဥ် ရှိခဲ့သည်။
အလားတူ ပြီခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ၊ မုဒုံမြို့နယ် ကမာဝက် မြို့နှင့် ကွမ်လှာကျေးရွာတို့တွင်လည်း နေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။