ဤခရီးနီးပြီလား (သို့မဟုတ်) ဘက်စုံအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် CDM များ

ဝေဟင်စိုး

၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ နိုင်ငံအတွင်း ယနေ့အချိန်အထိ စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားများ ကောင်းစွာ မလည်ပတ်နိုင်ခြင်းသည် နိုင်ငံ့ဝန်ထမ်းအများစု၏ အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှု CDM (Civil Disobedience Movement) ဆက်လက် အားကောင်းနေဆဲကြောင့်ဟု ဆိုရမည် ဖြစ်သည်။ တနည်းအားဖြင့် စစ်တပ်၏ အုပ်ချုပ်ရေးယန္တယားအားလုံး ယနေ့အချိန်အထိ ဦးမမော့နိုင်အောင် လုပ်ဆောင်ထားနိုင်စွမ်းသည် CDM လှုပ်ရှားမှုကြောင့်ပင် ဖြစ်သည်။

CDM လှုပ်ရှားမှုတွင်ပါဝင်နေသော ဝန်ထမ်းများအား စစ်တပ်က ရာထူးမက်လုံးပေး၍ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆွဲဆောင်နေသော်လည်း ဆုံးဖြတ်ချက်ခိုင်မာသူ ဝန်ထမ်းများအဖို့ စိတ်ဓာတ်ခွန်အား ယိုင်လဲမသွားခဲ့ဘဲ ပြည်သူလူထုနှင့်တသားတည်း ရပ်တည်တောင့်ခံထားနိုင်ဆဲပင်ဖြစ်သည်။ သို့သော် CDM ဝန်ထမ်းများ၏ ဘဝသည် ယနေ့အချိန်အထိ ကျီလန့်စာ စားနေရသောဘဝ ဖြစ်နေသည့်အပြင် နိစ္စဓူဝ ရင်ဆိုင်နေရသော စားဝတ် နေရေးသည်လည်း ကြပ်တည်းသည်ထက် ပို၍ပို၍ ကြပ်တည်းလာခဲ့ပြီဟု ဆိုရမည်။

ယင်းကြောင့်ပင် အနည်းစုသော CDM ဝန်ထမ်းများက စစ်တပ်၏ ဆွဲဆောင်မက်လုံးပေးမှုများနောက် မရှောင်မလွှဲသာ လိုက်သွားပြီး CDM ဘဝအား စွန့်လွှတ်ခဲ့သူများလည်း ရှိလာခဲ့သည်။ တဘက်တွင်လည်း မြင့်တက်လာသော မြို့ပြလူနေမှုစရိတ်များကြား ရုန်းကန်ရင်း လက်ရှိအချိန်အထိ CDM လှုပ်ရှားမှုအား တောင့်ခံထားသူများလည်းရှိနေသည်။

“ဒီ စစ်အာဏာရှင်ပြုတ်ကျဖို့ တော်လှန်နေတဲ့ခရီးက ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ သိချင်မိတယ်” ဟု ရန်ကုန်မြို့နေ အထက်တန်းပြ ကျောင်းဆရာမတဦးဖြစ်သူ ဒေါ်သူဇာ(အမည်လွှဲ) က မေးခွန်းထုတ်သည်။

သူ့အနေဖြင့် စစ်အာဏာရှင်ပြုတ်ကျပြီး ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာမည့်အချိန်အား စောင့်မျှော်ရင်း စားဝတ်နေရေးအတွက် ခက်ခဲစွာ ဖြတ်သန်းနေရပြီး အချို့အချိန်များတွင် ပြည်သူ့အစိုးရတရပ် တရားဝင် မပေါ်ပေါက်လာခဲ့သည်ရှိသော် ဆိုသည့်အတွေးကြောင့် ရင်မောနေသည်ဟုလည်း ဆိုသည်။

“ကျမတို့ CDM တွေ ဘာဆက်လုပ်မလဲ။ အချိန်ကြာလာတာနဲ့အမျှ ကျမတို့ရဲ့ အနီးစပ်ဆုံးအခက်အခဲက စားဝတ် နေရေးဘဲ။ အရင်နှစ်တွေက ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်နေရပေမယ့် အခုနောက်ပိုင်းက စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရမလဲဆိုတာက ပထမဆုံး စဉ်းစားနေရပြီ။ မြို့ပြလိုနေရာမျိုးမှာက မိသားစုစားဝတ်နေရေး အတွက် ပုံမှန်ဝင်ငွေဆိုတာ လိုအပ်တယ်။ ပြောချင်တာက ဒီတော်လှန်ရေး အမြန်ဆုံးအောင်မှဒီအခက်အခဲတွေ ပြေလည်မှာ” ဟု သူက ရင်ဖွင့်သည်။

ထို့အပြင် စစ်တပ်၏ကမ်းလှမ်းမှုကြောင့် Non-CDM ဘဝသို့ ကူးပြောင်းသွားသော မိတ်ဆွေအပေါင်းအသင်းများက လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် ပြောဆိုမှုများရှိနေပြီး ယင်းသို့ ပြန်လည်ဝင်ရောက်လာပါက ၎င်းတို့အနေဖြင့် ကူညီသင့်သည်များကို ပြန်လည်ကူညီနိုင်ရန် အသင့်ရှိနေကြောင်းနှင့် ယင်းကမ်းလှမ်းမှုအား သူ့အနေဖြင့် အကြိမ် ကြိမ် ငြင်းဆိုခဲ့ဖူးကြောင်း ဆိုသည်။

“လူတိုင်းက စိတ်ချင်းမတူနိုင်ဘူးလေ။ သူယုံကြည်ရာ သူလုပ်သလို ကိုယ်ယုံကြည်ရာလည်း ကိုယ်လုပ်တဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရဘူး။ တခါတလေ အခက်အခဲရှိလို့ အကူအညီသွားတောင်းရင်တောင် သူတို့မှာ လည်း ပေးချင်လျက်နဲ့ မပေးရဘူး။ မနာလိုတဲ့သူက CDM ကိုထောက်ပံ့နေတယ်ဆိုတဲ့ စကားတခွန်းတည်းနဲ့ သူတို့ ဘဝပါ ပျက်သွားနိုင်တယ်လေ။ ဒါကပုဂ္ဂိုလ်ရေးအရ အကူအညီတောင်းတာဆိုပေမယ့် မလိုတဲ့သူက စကားကို ကားပြီးပြောလိုက်ရင် နှစ်ဘက်စလုံး နစ်နာမှာလေ။ Non-CDM ဆိုတာကလည်း ဘက်နှစ်ဘက်မှာ ကြားညှပ်နေ တဲ့ သူတွေလေ” ဟု သူကြုံတွေ့ရပုံကို တဆင့်ပြောပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၂၀၂၂ ခုနှစ် ထုတ်ပြန်ချက် မှတ်တမ်းများအရ စစ်တပ်က အာဏာသိမ်း ပြီးနောက် နိုင်ငံတဝန်း ပညာရေးဝန်ထမ်း နှစ်သိန်းခွဲကျော်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး ယင်းအနက် နိုင်ငံ့ဝန်ထမ်း ၄၀,၀၀၀ နီးပါးကိုလည်း ၂၀၂၂ ခု နှစ်ကုန်အထိ ကျပ် သိန်းပေါင်း ၁၂,၀၀၀ ကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

နှစ်နှစ်ကျော်ကြာ အာဏာသိမ်းမှုနောက်ပိုင်း လက်ရှိအချိန်ထိဆိုလျှင် သတ်ဖြတ်ခံရသော ပညာရေးဝန်ထမ်း ၃၃ ဦးနှင့် ဖမ်းဆီးခံရသော ပညာရေးဝန်ထမ်း ၂၀၀ ကျော်ထိ ရှိလာပြီဖြစ်သည်။ CDM ဟုဆိုသော်လည်း လက်ရှိ အချိန်အထိ မည်သည့်အဖွဲ့အစည်းထံကမှ ထောက်ပံ့ကြေးရယူရန် လျှောက်ထား ခြင်းမျိုးမရှိသည့်တိုင် မည်သည့် အခွင့်အရေးမှလည်း မယူလိုကြောင်း ဒေါ်သူဇာက သူ့ရပ်တည်ချက်ကို ထပ်မံရှင်းပြသည်။

“ဘာထောက်ပံ့မှုမှလည်း အခုထိ မယူထားသလို စီးပွားရေးက အဆင်ပြေလားဆိုရင် ဇီးရိုးအဆင့်မှာပဲ ရှိပါတယ်။ ဒါကတော့ အခုဖြစ်နေတဲ့ အခြေအနေပါ။ ဒီလိုဖြစ်လို့လည်း နောင်တ လုံးဝရစရာအကြောင်းမရှိဘူး။ တော်လှန် ရေးခရီး မြန်မြန်အောင်ဖို့ပဲ လိုတယ်” ဟု ဆိုသည်။

နိုင်ငံ့ဝန်ထမ်း CDM များနှင့်ပတ်သက်၍ NUG က စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်အချိန်မှစ၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်းမရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများအားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တလုံးတခဲတည်း ပြန်လည်ပေးအပ်သွားမည်ဟု ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် အသိပေး ကြေညာထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့ထက်တိုင် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက်ရှိသော ပြည်သူ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း CDM ဝန်ထမ်း များအားလုံးက်ို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့် ပေးအပ် မည်ဟုလည်း တဆက်တည်း အသိပေးထားသည်။

အလားတူ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်) ကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှစတင်ကာ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့် ထားလိုက်ပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သည့် မူလတန်းပြဆရာမတဉီးဖြစ်သူ ဒေါ်နွယ်နွယ်ဝင်း (အမည်လွှဲ) ကလည်း “ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ တခါတလေ အဆင်မပြေတာမျိုးတွေ ရှိနေရင်တောင် ခေါင်းငုံ့ခံရတယ်။ CDM လုပ်တာဟာ ရာဇဝတ်မှု မြောက်သလားပေါ့နော်။ အရင်ကလည်းပြောဖူးတာရှိတယ်။ လုပ်ငန်းခွင်ပြန်မဝင်လို့လည်း အထုတ်ခံထားရပြီ။ စားဝတ်နေရေးအတွက် နောက်အလုပ်တခုလည်း လုပ်နေပြီ။ ဒါကို မကြားတကြားနဲ့ ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ ခံရတယ်။ လက်ရှိမှာ CDM သမားတွေ ဘယ်လိုရင်ဆိုင်နေရလဲ ဆိုရင် အားလုံးကို ကြောက်နေရတယ်။ ဘယ်သူမှ ကူကယ်ဖို့ဝေး ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ်ဆိုတဲ့ အခြေအနေ ပေါ့။ CDM သမားတွေ လက်ရှိမှာ အရာရာမျက်နှာငယ် ရတယ်။ ဘယ်သူ့အစောင့်အရှောက် အောက်မှာမှကို ရှိမနေတာ။ ဒါပေမယ့် ကိုယ်လျှောက်ခဲ့တဲ့လမ်း အဆုံးထိ တော့တောင့်ခံထားတယ်” ဟု ရင်ဖွင့်ပြောဆိုသည်။

လက်ရှိ CDM ဆရာ ဆရာမ အများစု၏ တူညီသောအသံသည် ပြည်သူ့အစိုးရတရပ် တရားဝင် ပြန်လည်ရပ်တည် လာခြင်းမျိုးကို လိုလားနေကြပြီး ထိုသို့သောအစိုးရတရပ် ပြန်လည်ပေါ်ပေါက်လာပါက ရာထူးပြန်ပေးမည်ဆိုခြင်း ထက် လက်ရှိ စစ်ကောင်စီက ခန့်ထားသော ဆွဲခန့်များကို ပြန်ဖြုတ်ပေးမှသာ ပညာရေးလောကကို ပြန်လာတော့ မည်ဖြစ်ကြောင်းဆိုသည်။

“အခု စာမေးပွဲဝင်ဖြေကြမယ့် ကလေးတွေအားလုံးကိုကြည့်ရင် အခြေခံတွေမပိုင်ဘဲ ဒါကျက် ဒါဖြေအတန်းတက်ပြီ ဆိုတာမျိုးတွေ တွေ့ရတယ်။ လေ့လာကြည့်တော့ စစ်ကောင်စီကခန့်ထားတဲ့ ဆရာ/ဆရာမတွေကိုယ်တိုင်က ပညာရေးလောထဲကို ခပ်ရိုင်းရိုင်းပြောရရင် ခွေးတိုးပေါက်ကဝင်လာခဲ့တဲ့သူတွေ၊ ထပ်ပြောရရင် သူတို့ရှိနေသမျှ ကျမအလုပ်ပြန်မဝင်ဘူး။ ဘာမှလုပ်စရာ မရှိရင်တောင် ဈေးရောင်းစားမှာပဲ” ဟုဆိုသည်။

တော်လှန်ရေးခရီး ကြာမြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေနှုန်းများ မြင့်တက်လာခြင်းအပြင် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ပြည်တွင်းမှ တဖြည်းဖြည်း ထွက်ခွာသွားသည့်အတွက်အလုပ်အကိုင် ရှားပါးမှုများကိုပါ ထပ်ဆင့်ကြုံနေရသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲရလာဒ်အပေါ် မဲမသမာမှုများရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံတွင်းရှိ ပြည်သူလူထု၏ဘဝများမှာ အနာဂတ်ပျောက်ခဲ့ကြသည်။ ပြည်သူ လူထုအပေါ် အကြောင်းမဲ့ဖမ်းဆီးခြင်း၊ စစ်ဗိုလ်ချုပ်များ စိတ်တိုင်းကျတပ်သည့် ပုဒ်မများဖြင့် နှစ်ရှည် ထောင်ချ ခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ကလေးငယ်အပါအဝင် ပြည်သူလုထုအား ရက်စက်စွာပစ်ခတ်သတ်ဖြတ် ခြင်း၊ ဒီမိုကရေစီလမ်းစဉ်ဟု တွင်တွင်ပြောနေသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို လူသားမဆန်သော အပြုအမူများဖြင့် ဖြိုခွင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ယင်းအပြုအမူများအပေါ် NUG အစိုးရအနေဖြင့် မည်သို့ အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်များထုတ် ပြန်ရုံမှတပါး အခြားလုပ်ဆောင်ချက်များကို လက်တွေ့ကျကျ ယခုချိန်ထိ မမြင်တွေ့ရသေးပေ။ ပြည်တွင်းတွင် တော်လှန်ရေးအတွက် တစိုက်မတ်မတ်လှုပ်ရှားနေကြသော ကျောင်းသားလူငယ်အပါအဝင် တက်ကြွလှုပ်ရှား သူများ နေ့စဉ်နှင့်အမျှ ဖမ်းဆီးစစ်ကြောခံနေရ၊ အသက်မသေလျှင် ပုဒ်မများစွာတပ်ကာ အကျဉ်းချခံနေရသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း မဲရုံများတွင် မံရုံမှူး၊ မဲလက်မှတ်ပေးဝေသူ၊ မဲလက်မှတ်ရေတွက်၍ သက်ဆိုင်ရာ ကော်မရှင်ခွဲများသို့ ချိတ်ပိတ်ပို့ဆောင်မှု စသည့် လုပ်ငန်းစဉ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ကျောင်းဆရာ၊ ဆရာမများက အဓိကအခန်းကဏ္ဍတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြရသည်။ မဲမသမာမှု ပြုသည် မပြုသည်ကို ၎င်းတို့ကပင် အသိရှိဆုံးဖြစ်မည်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒုတိယမြောက် အများဆုံး CDM ဝန်ထမ်းများသည်လည်း ကျောင်းဆရာ၊ ဆရာမများပင်ဖြစ်သည်။

“အလုပ်က ထွက်လာတဲ့အကြောင်းအရင်းက စစ်တပ်က အာဏာသိမ်းတာ အနိုင်ကျင့်တာ လူပါးဝတာမကြိုက်လို့ ပေါ့။ အရပ်သားအစိုးရကိုလည်း အရမ်းကြိုက်နေလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူကို ဒီလို ဥပက္ခာပြုပြီး လုပ်သွားတယ်ဆိုတာက တော်တော်ကို တရားလွန်တာပေါ့။ အဲ့ဒီအတွက် CDM ဝန်ထမ်းများစုက ပြည်သူကို စော်ကားတာဆိုပြီးတော့ ထွက်လာကြတာ။ ဆရာ၊ဆရာမတွေကိုယ်တိုင်လည်း သူတို့ကိုယ်တိုင် မဲရုံစောင့်ကြပ် ခဲ့တာဘဲလေ။ သမာသမတ်ကျမကျဆိုတာ သူတို့အသိဆုံးပေါ့။ အခု CDM လုပ်တဲ့အထဲမှာလည်း ဆရာ၊ ဆရာမ အများစုပါတာပဲ” ဟု ပညာရေး CDM ဝန်ထမ်းတဦးက ထောက်ပြသည်။

မည်သို့ပင်ဆိုစေကာမူ CDM ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတရပ်လုံးက တော်လှန်ရေး အချိန်ကြာလာ သည်နှင့်အမျှ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် အပြီးသတ်အောင်ပွဲကို အမြန်ဆုံးဆင်နွဲပေးရန် တိုက်တွန်း ချင်ကြောင်းနှင့် ထုတ်ပြန်ချက်များ ထုတ်ပြန်နေရုံဖြင့် ရေရှည်တွင် စုစည်းညီညွတ်မှုထက် အကွဲအပြားပြား ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း သတိပေးစကားဆိုကြသည်။

ထို့ကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေလျက်ရှိသည့် “ဆီသို့”စာစောင်၌ ရေးသားထားသော “တော်လှန်မြေဖြူ” ဆောင်းပါးတွင် နူးညံ့စွာ ကြံ့ခိုင်သော ဆရာ၊ ဆရာမတို့၏ ရဲရင့်မှု၊ အနစ်နာခံမှုတို့ကို အောက်မေ့အမှတ်ရကာ နွေဉီးတော်လှန်ရေးပန်းတိုင်ရောက်ရှိရန် “ဤခရီးနီးပြီလား” ဟု ဆိုချင်မိပေသည်။