ပျူစောထီးများက ကျေးရွာ လုံခြုံရေးအတွက် ငွေကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်။

ပုလောတွင် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက ကျေးရွာနေပြည်သူများ လုံခြုံ ရေး ယူပေးနေရသည်ဟုဆိုကာ လစဉ် ကျပ် ၃၀၀၀ စီ ကောက်ခံ နေသည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာတွင် ပျူစောထီးများက မိသားစုတစ်စုချင်းစီထံမှ ကောက် ခံနေခြင်း ဖြစ်သည်ဟု ပြောသည်။

ကျောက္ကာကျေးရွာ ၃ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “တစ်အိမ်ကို သုံးထောင်ဆိုတော်သေးတယ်၊ အခုက မိသားစုတစ်စုကို သုံးထောင်ပေးရတာ။ တစ်အိမ်ကို မိသားစု နှစ်စုကနေ လေးစုအထိ စုပေါင်း နေထိုင် ကြတာများတယ်။ မိသားစုများတဲ့ အိမ်တွေဆို တစ်သောင်းကျော် ထိ ပေးနေရတယ်” ဟု ပြောသည်။

ယခုကျေးရွာအတွင်း ငွေကောက်ခံနေသည့် ပျူစောထီးအဖွဲ့မှာ ပြီးခဲ့သည့်နှစ် ၂၀၂၁ ဇူလိုင်လမှ စတင်ပြီး စစ် ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ပျူစောထီးများသည် ကျောက္ကာကျေးရွာထိပ်တွင် ဆောက်လုပ်ထားသည့် လုံခြုံရေးကင်းတဲအတွင်း အရက်ဝိုင်း၊ ဖဲဝိုင်းများကို နေ့ရောညပါ နေ့စဉ်ပြုလုပ်နေပြီး ရွာသားများက လစဉ်ထောက်ပံ့ကြေး ပေးဆောင်နေကြရသည်ဟု ၃ ရပ်ကွက်နေ ပြည်သူများက ဆိုသည်။

ရွာအနီးပတ်လည် ညစဉ်လည်း ကင်းလှည့်ရန်ဟုဆိုကာ ပိုက်လှေငယ်များကို အလှည့်ကျ ချောဆွဲပြီး စက်သုံး လောင်စာဆီကိုလည်း လှေရှင်များမှ ကုန်ကျခံပေးနေကြရသည်ဟု ရွာသားများက ပြောသည်။

ကျောက္ကာကျေးရွာသည် မြို့နှင့်အလှမ်းဝေးကွာပြီး ရပ်ကွက်လေးခု ပေါင်းထားသည့် ပင်လယ်ထဲမှ ကျွန်းရွာကြီး တစ်ရွာဖြစ်သည်။

အိမ်ခြေ ၈၅၀ ခန့်ရှိကာ လူဦးရေ ၅၀၀၀ နီးပါးနေထိုင်ကြကာ အနီးဝန်းကျင်ရှိ ရာဇဂြိုဟ်၊ သကျက်ကမ်း၊ ဆတ် ဆွဲအော်နှင့် ကော့ဒွေး ရွာလေးခုကို ပေါင်း၍ ကျောက္ကာကျေးအုပ်စု အဖြစ် ပုလောမြို့နယ်အတွင်း တည်ရှိပြီး ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။