သေနတ်ပြီးသည်ဆိုသော ပျူစောထီး သေနတ်ပစ်ခံရပြီး ၃ ရက်အကြာတွင် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်။
မော်လမြိုင်ကျွန်းက သေနတ်ပြီးသည် ဆိုသော ပျူစောထီး ခေါင်းဆောင် အပစ်ခံရပြီး ၃ ရက် အကြာတွင် သေ ဆုံးသွားသည်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က သေနတ်ပြီးသည်ဟု နာမည်ကြီးသော ပျူစောထီးခေါင်းဆောင် ဦးကျော်တင့်ဦး ဆိုသူသည် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရ ပြီးနောက် ၃ ရက် အကြာတွင် သေဆုံးသွားသည်။
ဒေသခံတစ်ဦးက “သေနတ်ပြီးတယ် ဆိုတဲ့သူ သေနတ် ပစ်ခံရတဲ့ ဒဏ်ရာနဲ့ သေသွားတော့ အုပ်ထားကြတာ အိမ်မှာ ရက်လည် ဆွမ်းကျွေးမှ သေသွားတာ အရပ်က သိကြတယ်” ဟု ပြောသည်။
စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် ပျူစောထီးခေါင်းဆောင်လည်းဖြစ် မြို့နယ် မဘသ အဖွဲ့ တာဝန်ခံလည်း ဖြစ်သည့် ဦးကျော်တင့်ဦးကို အမှတ် (၁၀) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်တွင် ဆိုင်ကယ်ဖြင့် ရောက်လာသည့် အမည်မသိလူအချို့က ဝင်ရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
မော်လမြိုင်ကျွန်း မြို့ခံတစ်ဦး “သူက အရင်တခါကလည်း အပစ်ခံရဘူးတယ်။ ကံကောင်းပြီး လက်မောင်ပဲ ရှပ် ထိ သွားတော့။ မသေဘူးပေါ့။ အခုက ချက်ကောင်း နေရာတွေကို ထိတာ ဆိုတော့ သေတော့တာပေါ့” ဟု ပြော သည်။
ဦးကျော်တင့်ဦးမှာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က လက်ဘက်ရည်ဆိုင်တွင် သေနတ်ဖြင့် အပစ်ခံရသည့် အတွက် လက်မောင်း၊ ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် ပုသိမ်မြို့က စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့် က သေသွားခဲ့ခြင်း ဖြစ်သည်ဟု ပုသိမ်မြို့ စစ်မြေပြင် ဆေးတပ်ရင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရ သည်။
သို့သော် ရပ်ကွက်ထဲတွင် ဦးကျော်တင့်ဦး ရက်လည်ဆွမ်းကျွေးချိန်မှ သိရခြင်း ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူ များက ဆိုသည်။
ပျူစောထီးခေါင်းဆောင် ဦးကျော်တင့်ဦးကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မော်လမြိုင်ကျွန်း STF၊ ဝါးခယ် မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့က ပူးပေါင်းကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာမှာ လက်မောင်းကိုသာ ထိမှန်ခဲ့ပြီး ဆေးရုံတက် ကုသခဲ့ရသည်မှာ သက်သာပျောက်ကင်းခဲ့သည်။
ယခု ပစ်ခတ်မှုနှင့် ပတ်သက်၍ သေနတ်သမားများက လွတ်မြောက်နေဆဲဖြစ်ပြီး ဦးကျော်တင့်ဦး ဆိုသူက သေ နတ်ဒဏ်ရာကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ဆေးကုသနေစဉ် နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် အစားမှား ကာ ရုတ်တရက် သေဆုံးရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ဆိုသည်။