ဆိုင်ကယ်နှင့်လာသော စစ်ကောင်စီတပ်များကို တိုက်၊ စစ်ကူလာသော ကားကို မိုင်းဆွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်။
ဆိုင်ကယ်ဖြင့် ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသည့် ကား ၂ စီးကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – LLPDF တာဝန်ရှိသူက ပြောသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – LLPDF က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စာအမှတ် ၁၃၂/၂၃ ဖြင့် မတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
“စစ်သား ၇ ယောက်ပါတဲ့ အရှေ့ဆုံးကားကို မိုင်းဆွဲ တိုက်ခိုက်လိုက်တာ ထိချက်မှန်ပြီး ကားကထိုးရပ်သွား တယ်။ အနောက်က ကားပေါ်မှာပါတဲ့ စစ်ကောင်စီတပ်သား ၉ ယောက်က ကားပေါ်ကနေပြီး လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပြန်ပြီးပစ်ခတ်တာကြောင့် နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်” ဟု LLPDF တာဝန်ရှိသူက ပြောသည်။
မတ်လ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ခွဲအချိန်ခန့်က ကျောက်မတ်တပ်ကျေးရွာနှင့် မြင်းခွာအော်ကျေးရွာတို့မှ ဆိုင်ကယ် ၂ စီးဖြင့် ပြန်လာသည့် စစ်သား ၂ ဦးနှင့် ပျူစောထီး ၂ ဦး LLPDF က သတင်းအရ လက်ဦးမှုရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
ကိုအောက်ကျောက်ဝပ်ရွာနှင့် ကျောက်ဝပ်ပြင်ကျေးရွာအကြား တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်ပေါ်တွင် ပါလာသည့် စစ်သားတစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်သုံးဦးက ထွက်ပြေးသွားသည်။
ထိုသူ ၃ ဦးကို LLPDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ်ခဲ့ရာ အောက်ကျပ်ဝပ်ကျေးရွာနှင့် ကျောက်ဝပ်ပြင်ကျေးရွာ အကြား စစ်သား တစ်ဦးထပ်မံ ပစ်သတ်နိုင်ခဲ့သည့်အပြင် ဒဏ်ရာရရှိသူ ပျူစောထီးမှာ ကျောက်နီမော် ကျေးရွာ အဝင်တွင် သေဆုံးသွားခဲ့ကာ ၁ ဦးသာ လွတ်မြောက်သွားခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထိုသို့ ပစ်ခတ်ရှင်းလင်းပြီးသည့်နောက် ညနေ ၄ နာရီအချိန်ခန့်တွင် ကျောက်နီမော်ကျေးရွာမှ စစ်ကူဆင်းလာ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါကာ ရှေ့နောက်ဆင့်ကာ မောင်းနှင်လာသည့် Vigo ကား နှစ်စီးမှ ရှေ့ဆုံး ကားကို ကျောက်ဝပ်ပြင် လမ်းပိုင်းတွင် စောင့်ကြို၍ ကြိုတင်စီစဉ်ထားသည့် မိုင်း ၄ လုံးဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခဲ့သည်ဟု LLPDF တာဝန်ရှိသူက ပြောသည်။
မိုင်းဆွဲခံရသည့်နေရာကို Vigo ကား ၁ စီးနှင့်အတူ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား အောက်ကျပ်ဝပ်နှင့် ကျပ်ဝပ်ပြင်ကျေးရွာအကြား တောင်ကြားနေရာ၌ LLPDF တပ်ဖွဲ့တို့က စောင့်ဆိုင်းပြီး ညနေ ၅ နာရီခန့်တွင် ခြုံခိုစောင့်ဆိုင်း၍ ထပ်မံတိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာကာ ပြန်လည်ဆုတ်ခွာသွားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မိုင်းဆွဲတိုက်ခိုက်မှုနှင့် ၁ နာရီအကြာ အပြန်လှန်ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံး များနိုင်သော်လည်း စာရင်းအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး LLPDF တပ်ဖွဲ့ဝင်များမှာ အထိအခိုက် တစုံတစ်ရာ မရရှိခဲ့ဘဲ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
အထိနာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှာ ကားများထားခဲ့ပြီး အောက်ကျပ်ဝပ်ရွာရှိ လှေများခေါ်ယူပြီး ည ၉ နာရီခွဲ အချိန်ခန့်တွင် ရေလမ်းမှ ဆုတ်ခွာသွားကြောင်း ဒေသခံများက ပြောသည်။
LLPDF တပ်ဖွဲ့မှ တိုက်ပွဲဖြစ်ပွားပြီးချိန် နယ်မြေရှင်းလင်းခဲ့ရာတွင် Power Bank (၁)လုံး၊ ယူနီဖောင်း ၃စုံ နှင့် Vigo ကား ၁ စီးအား လည်းကောင်း၊ ပထမဆုံးထိတွေ့ချိန်တွင် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦး နှင့် ပျူစောထီး ၁ ဦးတို့ထံမှ မှတ်ပုံတင်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ပျက်စီးသွားသည့် ဆိုင်ကယ် ၁ စီး၊ ငွေ ၅ သိန်း ကျော်၊ တပ်ကြပ်ကြီး နှင့် ဒုဗိုလ်တို့ ခွဲတမ်းဝေမျှထားသော စာရွက်အပိုင်းအစ၊ MA 3 တစ်လက်၊ ကျည် ၂၀ တောင့် နှင့် ကျည်ဘောက် ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
LLPDF တပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့က ချန်ထားခဲ့သည့် Vigo ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။