ပဲခူးရိုးမတွင် စစ်ကောင်စီကား ချောက်ထဲကျ၊ အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်။
ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးရိုးမထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကား ၃ စီးအနက် တစ်စီးသည် ချောက် ထဲပြုတ်ကျပြီးနောက် ဗိုလ်မှူးအဆင့် တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ် များ က ပြောသည်။
စစ်အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကားများသည် မင်းလှမြို့နယ် အရှေ့ဘက် စိန်ကန့် လန့်ကျေးရွာနှင့် မြို့ချောင်းကျေးရွာကြား နေရာ၊ ခါချဉ်တောင်လမ်း ရေတွင်းကုန်းအဆင်းသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲပြုတ်ကျခဲ့ခြင်းဖြစ်သည် ဟု ထိုဒေသအတွင်း သွားလာခဲ့သူများက ပြောသည်။
ထိုကား ချောက်ထဲပြုတ်ကျပြီးနောက် လမ်းပိတ်ထားပါ ပိတ်ထားခဲ့သည့်အတွက် ထိုလမ်းတွင် စောင့်ဆိုင်းခဲ့သူ များလည်း ရှိခဲ့သည်။
လမ်းတွင် စောင့်ခဲ့ရသည့် အမျိုးသားတစ်ဦးက “သူတို့ စစ်ဆေးနေတာတွေ ၃ နာရီလောက် စောင့်လိုက်ရတယ်။ ဘယ်နှစ်ယောက်သေလဲတော့ မသိဘူး။ လူနာဝင်ကား ရောက်လာတာ ၈ စီးလောက် ရှိမယ်” ဟု ပြောသည်။
ထိုဖြစ်စဉ်မှာ မတ်လ ၂ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ စစ်ကောင်စီ တပ်သားများ နှင့် ဒဏ်ရာရရှိသူများကို နာရေးကူညီမှုကားများဖြင့် မင်းလှ ကုတင် ၁၀၀ စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင် လိုက်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
အဆိုပါ ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများထဲ ၅ ဦး သေဆုံးမှုအပြင် ဒဏ်ရာရသူလည်း ၅ ဦးထက်မနည်း ရှိနိုင်သည်ဟု တပ်တွင်းနှင့် နီးစပ်သူတစ်ဦး ပြောသည်။
“၅ ယောက်သေတာတော့ လုံးဝသေချာတယ်။ ဘာလို့လဲဆိုတော့ ဆေးရုံရောက်တာနဲ့ မျက်နှာရော တစ်ကိုယ် လုံးပါ အုပ်ထားတယ်လေ။ ကျန်တာတော့ လက်ကျိုး၊ ခြေကျိုးတွေပါပဲ။ ၅ ယောက်လို့တော့ ခန့်မှန်းရတယ်။ အဲ့ဒီထက်လည်း များနိုင်တယ်။ အတည်ပြုလို့ မရသေးဘူး။”
အဆိုပါစစ်ကြောင်းတွင် ပါဝင်သည့် စစ်ကောင်စီတပ်သား ၆၀ ဦးမှာ မင်းလှ ခြေလျှင်တပ်ရင်း(ခလရ) ၁ မှ ၂၀ ဦး၊ မင်းလှ ခလရ ၆ မှ ၂၀ ဦး၊ သာယာဝတီ ခလရ ၃၅ မှ ၂၀ ဦးတို့ ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းရည်ပြည့်ဝသည့် ခြေမြန်တပ်ရင်း (ခမရ) တပ်များ မပါဝင်ဘူးဟု တပ်တွင်းနှင့်နီးစပ်သူက ဆက်ပြောသည်။
ခါချဉ်တောင်လမ်းရှိ ရေတွင်းကုန်းအဆင်းနေရာမှာ နယ်ခံသစ်မှောင်ခို ကားများကပင် မကြာခဏ တိမ်းမှောက် လေ့ရှိပြီး ကားမှောက်တိုင်းတွင်လည်း သေဆုံးသူနှင့် ဒဏ်ရာရသူများ ထွက်ပေါ်လေ့ရှိသည့် နေရာဖြစ်သည်။
ထို့အပြင် ချောက်ထဲပြုတ်ကျသည့် စစ်ကောင်စီကားမှာ မတ်လ ၁ ရက်နေ့က မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် သစ်မှောင်ခိုလုပ်ကိုင်သူများထံမှ ဆက်ကြေးကောက်ခဲ့သူများဖြစ်သည်ဟုလည်း စစ်ကွင်းမြို့ သတင်းအရင်း အမြစ်များက ပြောသည်။
ပဲခူးတိုင်းသည် မြို့ပြပြောက်ကျား (UG) တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် ဒေသဖြစ်ပြီး ထိုနေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်က မိုးညိုမြို့၊ အောင်ရတနာ ရပ်ကွက်တွင် ဂျင်ဝိုင်းလောင်းကစား ပြုလုပ်နေသည့် ရဲတပ်ကြပ်တစ်ဦး ဓါးထိုးခံခဲ့ရပြီး အရေးပေါ် ဆေးရုံတင်ထားရသည်ဟု ဒေသခံများက ဆိုသည်။