ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်။
ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ရာအိမ်မှူး တစ်ဦးနှင့် အုပ်ချုပ်ရေး မှူး တစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
တွံတေးမြို့နယ်၊ အနောက်အရိုးတောင် ကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ မတ်လ ၃ ရက် နေ့က ပြုလုပ်သည့် ရဟန်းခံ၊ ရှင်ပြု အလှူပွဲတွင် ညနေ ၆ နာရီအချိန်ခန့်က ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။
ပေါက်ကုန်းကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက “၂ ယောက်လုံး နှုတ်ထွက်ဖို့ သတိပေးထား တာတော့ ကြာပြီ။ ဘယ်အဖွဲ့ကလည်း မသိဘူး။ ကျည်ဆံ တစ်တောင့်နဲ့ စာပို့လာတာ။ သူတို့က ပျူစောထီးထဲ ပါနေတော့ ပိုဆိုးတာပေါ့။ အလှူဒကာအတွက်တော့ စိတ်မကောင်းဘူး။ ပွဲပျက်သွားတာပေါ့” ဟု ပြောသည်။
ပစ်ခတ်ခံရသူ ၂ ဦးမှာ အနောက်တောင် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများဖြစ်ကြပြီး အလှူတွင် စုပေါင်းဝိုင်းဖွဲ့ စကားပြောနေစဉ် အမည်မသိ အမျိုးသား ၂ ဦးမှ ပစ္စတိုသေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သွား သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ရာအိမ်မှူးဖြစ်သူမှာ နဖူးနှင့် နှလုံးနေရာတွင် ကျည်ဖောက်ဝင် ဒဏ်ရာနှင့် အုပ်ချုပ်ရေးမှူး ဖြစ်သူမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွား ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ၂ ဦးလုံးမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ စစ်ကောင်စီက ခန့်အပ်လိုက်သည့် အုပ်ချုပ်ရးမှူးများဖြစ် ကာ ပျူစောထီး စစ်သင်တန်းတွင် ၁၀ ရက်ကြာ တက်ရောက်ခဲ့ဖူးသူများ ဖြစ်သည်ဟု နီးစပ်သူများက ပြော သည်။
၎င်းတို့နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက “စစ်သင်တန်း ဆင်းကတည်းက သူတို့ကို စစ်တပ်က လက်နက် ပေး ထားတယ်။ ပစ္စတို ခါးကြားထိုးပြီး လျှောက်သွားနေတာပဲ။ မနေ့က အလှူပွဲမှာတော့ ဘယ်သူမှ သူတို့ကို မလုပ် လောက်ဘူးထင်ပြီး လက်နက်ထားခဲ့တာနဲ့ ဝင်ပစ်သွားတာ။ ပစ်တဲ့သူက လက်နက် မပါတဲ့ချိန် ရုတ်တရက် ရောက်လာတာဆိုတော့ သတင်းအတိကျ ရလို့နေမှာ” ဟု ပြောသည်။
ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး အလှူပွဲ လာသည့်သူများကိုပါ အစစ်ဆေး တင်းကြပ်ခဲ့သောကြောင့် ပွဲပျက်သွားခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း တွံ့တေးမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် သမ္ဗာန်ဆိပ်ကျေးရွာတွင် တုတ်၊ ဓါး စသည့် လက်နက်များဖြင့် စုဝေးနေသည့် ပျူစောထီး ၇ ဦးကို မြို့ပြပြောက်ကျား တပ်ဖွဲ့များမှ ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၃ ဦးသေဆုံးခဲ့သည်။